မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှမ်းမြောက်နှင့် ရှမ်းတောင်ကို အဓိက ဆက်သွယ်ပေးထားတဲ့ ဆားတော့တံတားထိပ်ပိုင်း လမ်းများပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်နှင့် နမ့်လန်မြို့နယ် ကြားမှာရှိသည့် တုံလောရွာအနီးရှိ ပြီးခဲ့သည့် အောက်တိုဘာလ (၁) ရက်နေ့က နံနက်အစောပိုင်းမှ စတင်ကာ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများနှင့်အတူ နမ့်လောချောင်းအတွင်းသို့ စီးဆင်းလာပြီး ရေကြီးရေလျှံဖြစ်ပွားကာ ဆားတော့တံတားထိပ်ပိုင်း မြေပြိုကျပျက်စီးကာ လမ်းများပျက်စီးသွားပြီး သွားလာလိုမရတော့ကြောင်း သိရသည်။

မိုးသည်းထန်ရွာသွန်းမှုကြောင့် ရှမ်းပြည်မြောက်ပိုင်းနှင့် ရှမ်းပြည်တောင်ပိုင်းကို အဓိက ဆက်သွယ်ထားသည့် ဆားတောတံတားထိပ်မှာ မြေပြိုကျပျက်စီးခဲ့ပြီး၊ တုံလောရွာမြောက်ဘက် ဘုန်းကြီးကျောင်းရှေ့မုဂ်ဦးအနီးက တုံလောတံတားမှာလည်း ရေစီးသန်မှုတွေကြောင့် အနည်းငယ်ကွဲအက်ခဲ့ပြီး ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ ဖြတ်သန်းသွားလာဖို့အတွက် အန္တရာယ်ရှိကြောင်း ဒေသခံဆီက သိရသည်။

Photo Credit. Local

“အခုတော့ ရေကနည်းနည်းတော့ပြန်ကျသွားပြီ။ ဆားတောတံတားထိပိုင်းမြေပြိုတာ အခု ပြင်နေတယ်။ ရေစီးသန်နေသေးတော့ ဘယ်အချိန်ပြင်ပြီးမလဲတော့ မသိသေးဘူး။ ကားနဲ့ဆိုင်ကယ်ကတော့ သွားလာလို့မရသေးဘူး။ ခုလောလောဆယ်တော့ လိုင်းကားတချို့တွေ ကုန်ပစ္စည်းကို တံတားပေါ်ကနေ ဟိုဖက်ဒီဖက် လူနဲ့ထမ်းပြီး ပို့ရတာ။ နမ့်လောင်းချောင်းက ဒီလိုတစ်ခါမှ ဒီလောက်ရေမကြီးဖူးဘူး။ ဒီနှစ်ရေကြီးတာ တုံလောတံတားတောင် ရေမြုပ်သွားတယ်။ လူနေအိမ်တချို့လဲ ရေစီးထဲပါသွားတယ်။ အခုလို လမ်းတံတားပျက်စီးသွားတော့ ကုန်စျေးနှုန်းထပ်တက်မှာ စိုးရိမ်မိတယ်”ဟု တုံလောဒေသခံ တစ်ဦးက ပြောဆိုသည်။

တုံလောရွာမရောက်မီ ပန်လော့ရွာအနီးက မိန်းလမ်းမကြီးမှာလည်း ရေတိုက်စားမှုကြောင်း လမ်းများပျက်စီးခဲ့ပြီး၊ တုံလောရွာမြောက်ဘက်က မြေနိမ့်ပိုင်းဘက်မှာလည်း ရေကြီးရေလျှံမှုကြောင့် နေအိမ်များအချို့နှစ်မြုပ်ခဲ့ပြီး ကျွဲ၊နွားများ ရေထဲသို့မျော်ပါခဲ့ပြီး စပါးစိုက်ခင်းများလည်း ရေလွှမ်းမိုးခြင်းကြောင့် ဧကပေါင်းများစွာ ပျက်စီးဆုံးရှူံးခဲ့ရသည်။

၎င်းတံတားကို ပြန်လည်ပြုပြင်ဖို့အတွက် ကျေးရွာသူကြီးများနှင့် ဆည်မြောင်း၀န်ကြီးဌာနများက ပြန်လည်ပြုပြင်ဖို့အတွက် ရေစီးသန်မှု ပြင်းထန်နေသေးတာကြောင့် ဆားတော့တံတားကို ပြုပြင်ဖို့အတွက် အချိန်ယူနေရပြီး ခရီးသွားပြည်သူများအတွက် အလွန်အရေးပါသည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံအောက်ပိုင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ အပါအ၀င် အချိုမြို့နယ်များတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ပြောင်းရွေ့နေကြရပြီး အကူအညီများစွာ လိုအပ်နေကြောင်းသိရသည်။

#shanstatechannel

Latest articles

spot_imgspot_img

Related articles

spot_imgspot_img