ဇူလိုင်လ ၃ ရက်နေ့ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပတ်ပတ်လည်မှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းများကို ကိုးကန့်တပ်မတော် MNDAA က စတင်တိုက်ခိုက်နေပြီလို့ သိရပါတယ်။
လားရှိုးမြို့နယ် နမ့်ပေါင်မှာရှိတဲ့ တပ်စခန်း ၂၉၁ ကို ဒီကနေ့ မနက် ၄ နာရီ ၃၀ မိနစ်ချိန်မှာ MNDAA စစ်တပ်ဘက်က Drone နဲ့စတင် တိုက်ခိုက်ခဲ့ပြီး လားရှိုးမြို့နဲ့ မိုင်းရယ်ကြားရှိ နမ္မဗောဓ တံတားမှာ စောင့်တဲ့ စစ်သားနဲ့ ပြည်သူ့စစ်ကိုလည်း MNDAA က ဝင်သိမ်းပြီး တပ်သားတစ်ချို့ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
အလားတူ လားရှိုး-မန်းလေးလမ်းမကြီးက နောင်မွန်ရဲစခန်းကို ကိုးကန်တပ့်ဖွဲ့က Drone နဲ့ တိုက်ခိုက်ခဲ့ပြီး ၊ ဝမ်ဆန်းမှာတည်ရှိတဲ့ စကစ တပ်စခန်းကိုလည်း ကိုးကန့် ဝင်တိုက်လို့ နှစ်ဖက် တိုက်ပွဲပြင်းထန်နေပါတယ်။
“ဒီကနေ့ မနက်ပိုင်းမှာ ကိုးကန့်တပ်ဖွဲ့ က နမ့်ပေါင် မြောက်ဘက်ကနေ နမ့်ပေါင်ရှိ ၂၉၁ တပ်စခန်း ကို Drone နဲ့ ဗုံးလာကျဲပြီး နှစ်ဖက်အပြန်လှန်ပစ်ခတ်လို့ တိုက်ပွဲဖြစ်ကြတာ၊ ကိုးကန့် Drone လာကျဲလို့ ပြည်သူလင်မယားနှစ်ယောက်ဗုံးဆံထိမှန်ပြီး အမျိုးသမီးတစ်ယောက်သေဆုံး အမျိုးသားကို ဆေးရုံပို့ရတယ်” လို့ ဒေသခံပြောပါတယ်။
နမ့်ပေါင်မှာ ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တကျော့ပြန်တိုက်ပွဲကြောင့် ပြည်သူလူထုရဲ့ နေအိမ်များ ထိခိုက်ပြီး ဒဏ်ရာရတဲ့လူများလည်းရှိကြောင်း သိရပါတယ်။