လားရှိူးမြို့နယ်အတွင်း တိုက်ပွဲကြောင့် သေဆုံးသူ ၈ ဦးထက်မနည်း ရှိပြီး နေအိမ်များလည်း ပျက်စီး

Shan State Channel
ဇူလိုင်လ၊ ၃ ရက်

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် အတွင်း တိုက်ပွဲကြောင့် သေဆုံးသူ စုစုပေါင်း ၈ ဦးထက် မနည်း ရှိနေပြီး နေအိမ် အဆောင်အအုံများလည်း ထိခိုက်ပျက်စီးရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ဇူလိုင်လ (၂) ရက်နေ့ ည သန်းခေါင်အချိန်မှ စတင်ပြီး ယနေ့ ဇူလိုင်လ (၃) ရက်နေ့ အထိ လားရှိူးမြို့နယ်အတွင်း မဟာမိတ်တပ်ဖွဲ့ နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ တိုက်ပွဲကြောင့် အရပ်သား ပြည်သူ (၈) ဦးထက်မနည်း သေဆုံးရကြောင်း သိရသည်။

Photo Credit. Local

ယနေ့ ဇူလိုင်လ (၃) ရက်နေ့ နံနက် (၇) နာရီဝန်းကျင်တွင် လားရှိုးမြို့ အမှတ် (၁) ရပ်ကွက် သာယာလမ်းရှိ နေအိမ်တစ်လုံးသို့ လက်နက်ကြီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်တစ်လုံး ထိမှန်ပြီး မိသားစုဝင် (၆) လုံးက ပွဲချင်းပြီး သေဆုံးသွားရကြောင်းလည်း ဒေသခံ တစ်ဦးက Shan State Channel ကို ပြောသည်။

Photo Credit. Local

“သူတို့မိသားစု နံနက်စာစားနေတဲ့ လက်နက်ကြီးကျကွဲတာ အိမ်တည့်တည့်ကိုပဲ။ မိသားစုဝင် (၆) ဦးရှိတာ အားလုံးက ပွဲချင်းပြီး သေသွားရတယ်။ ဘယ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကျည်ဆန် မှန်းတော့ မသိဘူး။ အိမ်လည်းပျက်၊ လူလည်းသေပေါ့” ဟု ဖြစ်စဥ်ကို သိရသူ ဒေသခံတစ်ဦးက Shan State Channel ကို ပြောသည်။

အလားတူပင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအတွင်းမှာလည်း စစ်ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်များ ထိမှန်ရာ အိမ်ထဲ ရှိနေသည့် လင်မယား နှစ်ဦး နှင့် နောက်ထပ် အမျိုးသား တစ်ဦးတို့လည်း ထိမှန်ကြောင်း စုံစမ်းသိရသည်။

Photo Credit. Local

ယင်းဖြစ်စဥ် နှင့် ပတ်သက်ပြီး “နမ့်ပေါင်အခြေစိုက်စစ်ကောင်စီတပ်က လက်နက်ကြီး နဲ့ ပစ်တာ။ ရွာထဲကို ကျကွဲတယ်။ လင်မယား နှစ်ဦးကို ထိပေမဲ့ သူ့အမျိုးသမီးပွဲချင်းပြီး သေပြီး သူ့အမျိုးသားကတော့ ဒဏ်ရာပြင်းထန်လို့ ဆေးကုထားရတယ်။ နောက်ထပ် အမျိုးသား တစ်ဦးလည်း လက်နက်ကြီးထိလို့ သေဆုံးသွားရတယ်” ဟု နမ့်ပေါင် ဒေသခံ အသက် (၅၀) ဝန်းကျင် အမျိုးသား တစ်ဦးက Shan State Channel ကို ပြောသည်။

လက်ရှိ အချိန်တွင် လားရှိုးမြို့ အဝင်အထွက်လမ်းများကို စစ်ကောင်စီ တပ်မှ ပိတ်ပင် တားမြစ်ထားပြီး မြို့ပတ်ပတ်လည်ရှိ ကျေးရွာများဖြစ်ကြသည့် မိုင်းတင်၊ ကုန်းညောင်၊ မန်အိုင် နှင့် အီနိုင်းတို့ဘက်၌ စစ်ကောင်စီ တပ်နှင့် ကိုးကန့်တပ်ဖွဲ့တို့က တိုက်ပွဲပြင်းထန်နေကြကြောင်းလည်း သိရသည်။

ထို့အပြင် မိုင်းရယ်မြို့နယ်မှ လွယ်ငင်းကျေးရွာ အတွင်းမှာ လည်း အင်အား (၉၀) နီးပါး ရှိသည့် ကိုးကန့်တပ်ဖွဲ့တို့က နေရာယူထားပြီး ရွာသားများ အပြင်ထွက် သွားလာခွင့်ကို ပိတ်ပင်ထားကြောင်း လည်း သိရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img