လားရှိုးမြို့နယ်မှာ တိုက်ပွဲကြောင့် မြို့ပြင် မယ်ဟန်ထိ ကားထောင်ချီ ပိတ်မိနေ


Shan State Channel
ဇူလိုင်လ၊ ၈ ရက်၊ ၂၀၂၄


ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်က နောင်မွန်ကျေးရွာမှာ ယနေ့ ဇူလိုင်လ ၈ ရက်နေ့ မနက်အထိ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်ဖြစ်သည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ရှောင်သည့် လားရှိူးမြို့ခံတစ်ဦးက “ဒီနေ့မနက်က နောင်မွန်ကျေးရွာအနီးပတ်ပတ်လည်မှာ တိုက်ပွဲဖြစ်နေတာ။ မိုင်းရယ်ဘက်ကော။ လမ်းပေါ်ရှိတဲ့ ကားတွေအကုန် ပြန်ကွေ့ခိုင်းတယ်။ ပြန်ကွေ့လာရတယ်။ တချို့လည်း ခနလေးဖြစ်ပြီး ပြန်ပေးသွားတယ် ပြောကြတယ်” ဆိုပြီး ပြောဆိုသည်။

Photo Credit. Local

နောင်မွန်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် လားရှိုးအထွက်မှာ ဒေသခံ ထောင်နှင့်ချီ စစ်ဘေးရှောင် ကားတွေလည်း မယ်ဟန်ထိ ထောင်ချီပိတ်မိနေတယ်လို့ နောက်ထပ်ကားသမားတစ်ဦးက ပြောပါတယ်။


“လားရှိုးမြို့က မုတ်ဦးအထွက်ကနေ မယ်ဟန်ထိ ကားတွေအရှည်ကြီးတန်းစီး ပိတ်မိနေတာ။ အရှေ့လည်းတိုးမရ နောက်လည်းဆုတ်မရ။ ကားလိုင်းတွေကိုမှ သုံးကြောင်း လေးကြောင်းအထိ ရှိတယ်။ ကားအစီးရေ ထောင်ချီရှိတယ်။ မနက်အစောကတည်းက စောင့်နေတာ မရသေးဘူး” လို့ ပြောပါသည်။


တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာတဲ့ လားရှိုးမြို့က တိုက်ပွဲတွေကြောင့် မြို့တွင်းကနေ ထွက်လာကြသည့် စစ်ဘေးရှောင်ဦးရေလည်း သိသိသာသာ များပြားလာနေတယ်လို့ သိရပါသည်။


လားရှိုးမြို့မှာ စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ဟာ ဇူလိုင်လ ၃ ရက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေရာ လက်ရှိမှာလည်း လားရှိုးရှိ စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်း (ခလရ-၆၈)၊ ခြေမြန်တပ်ရင်း (ခမရ-၅၀၇)နဲ့ နမ့်ပေါင်ရှိ (၂၉၁)တပ်စခန်းတွေကို အပြိုင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့နေကြောင်း သိရှိရသည်။


တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ ရှော့တိုက်ဒုံးတွေကြောင့် ပျက်စီးဆုံးရှုံးသွားသည့် နေအိမ်နှင့် ထိခိုက်ဒဏ်ရာရရှိသူတွေလည်း နေ့စဉ်တိုးလာနေပြီး ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်ကနေ ၇ ရက် မနက်ပိုင်းထိ ကလေး ၃ ဦးအပါအဝင် ၁၈ ဦးသေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ပါသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img