Shan State Channel
ဇူလိုင်လ၊ ၈ ရက်၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အရပ်သား (၅)ဦးသေဆုံးခဲ့ပြီး၊ (၁၀) ဦးထိခိုက်ဒဏ်ရာရရှိကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က ဇူလိုင်လ ၇ ရက်နေ့ ညမှာ သတင်းထုတ်ပြန်ထားပါသည်။
မိုးကုတ်မြို့နယ် အနောက်ဘက်ရှိ ဘောလုံးကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ အသက် (၆၃)နှစ်အရွယ် ဦးမောင်မောင်၊ အသက်(၄၀)နှစ်အရွယ် ဒေါ်ယာအီတို့ သေဆုံးခဲ့ပြီး (၄) ဦးထပ်မံ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါသည်။
ယမန်နေ့ ဇူလိုင်လ (၇) ရက်နေ့က နေ့လည်း (၁း၀၀) နာရီအချိန်တွင် မိုးမိတ်မြို့နယ်ရှိ လယ်ကြီးကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၆၁ နှစ်အရွယ် ဦးထွန်းလက်၊ အသက် ၂၆နှစ်အရွယ် အောင်ကျော်မြင့် နှင့် ဒေါ်စောခင် အသက် ၅၇ နှစ်တို့ (၃) ဦးလက်နက်ကြီးထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း TNLA ထုတ်ပြန်ထားပါသည်။
Photo Credit. Local
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၆) ရက်နေ့ကလည်း လားရှိုးမြို့ ရပ်ကွက် (၅) တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး (၃) ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လားရှိုးမြို့နယ် နမ့်နွန်းရွာတွင် ဇူလိုင်လ (၅) ရက်နေ့က နေ့လည်း (၁) နာရီအချိန်တွင် ကျည်ထိမှန်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း TNLAက ထုတ်ပြန် ဖော်ပြထားပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်တွေမှာ တိုက်ပွဲ (၁၃) ရက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် ဗုံးကြဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီး နှင့် ပစ်ခတ်ခြင်းတို့ကြောင်း စုစုပေါင်း အရပ်သားပြည်သူ (၄၉) ဦး သေဆုံးခဲ့ပြီး (၆၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။