မိုင်းရယ်မြို့နယ်မှာ စစ်ကောင်စီနှင့် ကိုးကန့် တိုက်ပွဲကြောင့်ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ


Shan State Channel
ဇူလိုင်လ၊ ၉ ရက်၊ ၂၀၂၄


ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နယ် ဟိုယကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရသည်။


ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက် နေ့လယ် ၃ နာရီဝန်းကျင်က စစ်ကောင်စီတပ်စခန်းအနီးကို ကိုးကန့်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါသည်။

ဒေသခံပြည်သူ အမျိုးသားတစ်ဦးက “ မိုင်းရယ်လမ်းခွဲနဲ့ တန့်ယန်းလမ်းခွဲဘက်မှာ စစ်ကောင်စီ တပ်စခန်း ရှိတယ်။ အဲဒီ အနီးတစ်ဝိုက်မှာပဲ မနေ့ကတော့ ၄ နာရီ စကစဘက်က အမြောက်ကြီး တစ်ဖက်သတ်ပစ်ခဲ့တယ်။ ဒီနေ့တော့ ဘာသံမှမကြားရသေးဘူး ငြိမ်နေတယ်။ နမ့်ပေါင်မှာ စပစ်ကတည်းက (MNDAA) က ဟိုယရွာဖက် တက်လာတာ။ကြာပြီ မနေ့ကမှပဲ တိုက်ပွဲဖြစ်တာ” လို့ ပြောဆိုသည်။


ဟိုယကျေးရွာက ဒေသခံတွေလည်း တိုက်ပွဲမဖြစ်ခင် ပြီးခဲ့သည့် ရက်ပိုင်းမှာတည်းက နီးစပ်ရာကျေးရွာဖက်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက ဆက်လက် ပြောဆိုသည်။


“ဟိုယရွာမှာ ဘာလူမှ မရှိတော့ဘူး။ ထွက်ပြေးကုန်ပြီ။ အဲမှာ တိုက်ပွဲမဖြစ်ခင်ကတည်းက ကိုးကန့်တပ်ဖွဲ့ (MNDAA) တွေက တက်လာတာလည်း များတယ်လေ။ အဲကြောင့်ကြောက်ပြီး ထွက်ပြေးကြတာ။ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ရှောက်ပစ်နေတော့ ကြောက်ကုန်ကြတယ်” ဟိုယကျေးရွာအပြင် ဝမ်လုံကျေးရွာ၊ ပန်ညောင်ကျေးရွာက စသည့်ဒေသခံပြည်သူတွေလည်း မိုင်းရယ်မြို့အနီးက ဟိုတိကျေးရွာက ဘုန်းကြီးကျောင်းမှာ ထွက်ပြေးတိမ်ရှောင်ပြီး စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။


လက်ရှိမှာတော့ စစ်ကောင်စီတပ်က တစ်ဖက်သတ် ပစ်ခတ်နေတာကြောင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး နေအိမ်တွေ ထိခိုက်ပျက်စီးသွားတာတွေ ရှိနေကြောင်း သိရသည်။


အလားတူ တန့်ယန်းမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ မန်ကတ် တပ်စခန်းကနေ ဟိုယ အနီးနား တစ်ဝိုက်မှာရှိတဲ့ဘက်သို့ လက်နက်ကြီး ပစ်ကူနေသလို မိုင်းရယ်မြို့ဘက်သို့လည်း သီပေါ၊ ခိုလမ်ဘက်မှာ စစ်ကောင်စီတပ်သားတွေ အင်အားဖြည့်တင်းနေတယ်လို့ ဒေသတွင်း မီဒီယာတွေ ဖော်ပြချက်အရ သိရပါသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img