တစ်ကြော့ပြန် တိုက်ပွဲ ပြင်းထန်မှုကြောင် လားရှိုးလေဆိပ်ခေတ္တ ပိတ်ထားရ

Shan State Channel
ဇူလိုင်လ ၃ ရက်

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် အတွင်း တစ်ကြော့ပြန် တိုက်ပွဲ ပြန်လည်ပြင်းထန်လာမှုကြောင့် လားရှိုးလေဆိပ်မှ လေယာဉ် ပျံသန်းမှု ခရီးစဉ်များ ခေတ္တရပ်နားထားရကြောင်း စုံစမ်း သိရသည်။

ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့ ည ၁၁ နာရီဝန်းကျင် အချိန်မှ စတင်ကာ လားရှိုးမြို့နယ် နောင်မွန်ကျေးရွာ အနီး ညီနောင်မဟာမိတ်တပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားရာ မြို့တွင်းမှ စစ်ကောင်စီ လက်နက် ကြီးဖြင့် ပစ်ကူတိုက်ခိုက်မှုလည်း ရှိခဲ့ကြောင်း သိရသည်။

Photo Credit. Local

ယင်းကဲ့သို့ တိုက်ပွဲပြင်းထန်မှုကြောင့် လားရှိုးလေဆိပ်မှ လေယာဉ် ပျံသန်းပြေးဆွဲမှု ခရီးစဉ်များကို ယနေ့ (ဇူလိုင် ၃) ရက်မှ စပိတ်လိုက်ကြောင်း လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက Shan State Channel ကို ပြောသည်။

“လားရှိူးလေဆိပ် ပြန်ပိတ်တာ ဟုတ်ပါတယ်။ တချို့ လေယာဉ် လက်မှတ်ရောင်းတဲ့ အေးဂျင့်တွေက လည်း လေယာဉ်လက်မှတ်ဖိုး ပြန်ပေးတာတွေ ရှိတယ်၊ ဘယ်နေ့ထိပိတ်ပြီး ဘယ်နေ့ပြန်ဖွင့်မလဲဆိုတာ တော့ တရားဝင် ထုတ်ပြန်လာတာ မရှိသေးဘူး” ဟု လားရှိုးမြို့ခံ အမျိုးသား တစ်ဉီးက Shan State Channel ကို ပြောသည်။

လားရှိုးလေဆိပ်သည် ၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးကြောင့် လေယာဉ်ပျံသန်းမှု ခရီးစဉ်များကို ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် မတ်လ အထိ ၆ လနီးပါးကြာ ပိတ်ခဲ့ရပြီး ယခု တစ်ဖန် ပြန်လည် ပိတ်ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလမှ စတင်ပြီး လားရှိူးမြို့ရှိ လေဆိပ်ကို ဂျက်လေယာဥ်များပါ ဆင်းသက်နိုင်သည် အထိ အဆင့်မြှင့်တင် လုပ်ငန်းစဥ်များ ဆောင်ရွက်ကြရန်လည်း အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားပြောဆိုမှု ရှိခဲ့ကြောင်းလည်း သိရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img