Shan State Channel
ဇူလိုင်လ ၊ ၆ ရက်
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် အတွင်း အာဏာသိမ်း စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် မြို့ခံ အရပ်သား (၆) ဦး ထပ်မံ သေဆုံးပြီး (၁၀) ထက်မနည်းက ထိခိုက်ဒဏ်ရာရရှိသွားကြောင်း စုံစမ်းသိရသည်။
Photo Credit. Local
ဇူလိုင်လ (4) ရက်နေ့တွင် လားရှိုးမြို့ အခြေစိုက် စစ်ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက် ကြီးကြောင့် လားရှိးမြို့ အမှတ် (၉) ရပ်ကွက်မှ သားအမိ (၂) ဦး၊ ရပ်ကွက် (၁၁) မှ အရပ်သား (၃) ဦး၊ အမှတ် (၅) ရပ်ကွက်မှ အရပ်သား (၁) ထပ်မံသေဆုံးရကြောင်း သတင်းရင်းမြစ်က Shan State Channel သတင်းဌာနကို ပြောသည်။
“မနေ့က လက်နက်ကြီးထိလို့ သေဆုံးသွားရတဲ့ အထဲမှာ ကလေးငယ် တစ်ဦးပါတယ်။ အသက်က ၃-၄ နှစ်လောက်ပဲ ရှိမယ်။ ကျန်တာကတော့ လူကြီးပေါ့။ စုစုပေါင်း (၆) ဦး လက်နက်ကြီး ထိလို့သေတယ်။ ပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့သူတွေက (၁၀) ဦးကျော်တယ်” ဟု လားရှိုးမြို့ခံ သတင်းရင်းမြစ်က Shan State Channel သတင်းဌာနကို ပြောသည်။
Photo Credit. Local
ထို့အပြင် ဇူလိုင်လ (၄) ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခွဲ ဝန်းကျင်တွင်လည်း စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လားရှိုးမြို့၊ အမှတ် (၉) ရပ်ကွက်ရှိ မူလွန်ကျောင်း အမှတ် (၁၅) ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး စာသင်ကျောင်းဆောင်များ ထိခိုက်ပျက်စီးရကြောင်းလည်း သိရသည်။
လက်ရှိ အချိန်အထိ လားရှိုးမြို့တွင်း စစ်ကောင်စီ တပ်နှင့် မဟာမိတ်တပ်တို့ အကြား တိုက်ပွဲ နှင့် စစ်ရေး အခြေအနေများ တင်းမာနေလျက်ရှိပြီး တိုက်ပွဲကြား ပိတ်မိနေသည့် ပြည်သူများစွာလည်း ရှိနေကြောင်း အထက်ပါ သတင်းရင်းမြစ်က shan State Channel သတင်းဌာနကို ဆက်ပြောသည်။
“ပြေးနိုင်တဲ့သူတွေကတော့ ပြေးကြတာပေါ့။ မပြေးနိုင်တဲ့သူတွေလည်း ဒီအတိုင်းပဲ မြို့ထဲမှာ ဆက်နေကြသေးတယ်။ တိုက်ပွဲက မြို့ထဲ ဖြစ်တယ်လို့ မဆိုသာပေမဲ့ မြို့ထဲထိပြီး သေနေကြတာ မြင်တော့ မြို့ပေါ်ရပ်ကွက်အားလုံးနီးပါးက ပြေးကြတာ။ မပြေးနိုင်ကြတဲ့သူတွေဆိုတာက ပြေးစရာနေရာမရှိတာရယ် သွားဖို့အခက်အခဲ ရှိနေတဲ့သူတွေပေါ့” ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ဆိုသည်။
လက်ရှိ မြို့ခံ အများအပြား လားရှိုးမြို့မှ ထွက်ခွာရန် ကြိုးစားနေကြပြီး စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ အနေဖြင့် ပြည်သူများကို လမ်းဖွင့်ပေးရန်၊ လမ်းခရီးနှင့် ပတ်သက်၍ သတင်းအမျိုးမျိုး ထွက်ပေါ်နေသဖြင့် တိကျ သေချာသည့် လမ်းကြောင်း သတင်းများ ဖော်ပြပေးရန် လိုလားကြောင်း မြို့ခံများက ပြောသည်။