ပိတ်ထားသည့် တောင်ကြီး-လွိင်လင် ပြန်ဖွင့်ပြီးနောက် စစ်ကောင်စီတပ်အချင်းချင်း မှားယွင်းပစ်ခတ်မှု ဖြစ်ပွား

Photo: Credit

မတ်လ ၁ ရက် ၊ ၂၀၂၄

ရှမ်းပြည်နယ် တောင်ပိုင်းရှိ တောင်ကြီး – မိုင်းပွန် – လွိင်လင်လမ်းကြောင်းသည် တစ်ပတ်ကျော်ကြာ ပိတ်ထားပြီးနောက် ပြန်လည်ဖွင့်လှစ်လာခဲ့ကြောင်း သိရသည်။

ယနေ့ မတ်လ ၁ ရက်နေ့တွင် ပိတ်ထားသည့် တောင်ကြီး-မိုင်းပွန်-လွိင်လင် လမ်းကို စစ်ကောင်စီကတပ်မှ ယာယီသဘောဖြင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း ကြေညာလာခဲ့ပြီး တခဏ အကြာတွင် မိုင်းပွန်အထွက် ခေါင်းနွဲတောင် အနီး၌ စစ်ကောင်စီတပ်အချင်းချင်းမှ မှားယွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုသည် ခေါင်းနွဲတောင် မိုက်ခရိုဝိတ်၌ အင်အား ၈၀ ဝန်းကျင် တပ်စွဲထားသည့် စစ်ကောင်စီတပ် မှ ကားလမ်ပေါ်ရှိ ၎င်းတိုလက်အောက်ခံ ပျူစောထီးတိုကို ရန်သူတပ်ဟု ထင်ကာ ခြောက်လန့်ပစ်ခတ်ခြင်းသာ ဖြစ်ကြောင်း မြေပြင်ရှိ ကားသမား တစ်ဦးက ပြောသည်။

“တောင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့ တပ်က အောက်မှာရှိတဲ့ ကားလမ်းမပေါ်က အဖွဲကို ရန်သူလို ထင်ပြီး ခြောက်ပစ်တာတဲ့၊ ဒါပေမဲ့ အောက်မှာလှုပ်ရှားနေတဲ့ အဖွဲက သူတိုပျူစောထီးပဲ ဖြစ်နေတာ။ သူတို အချင်းချင်း မှားယွင်းပစ်ခတ်မှုဖြစ်တဲ့သဘောပေါ့” မြေပြင်ရှိ ကားသမား တစ်ဦးက ပြောသည်။

ယင်းပစ်ခတ်မှုကြောင့် ကားသမားများ လမ်းကြောင်း၌ ခေတ္တပြန်လည်ပိတ်မိသလိုခဲ့ကြောင်းလည်း သိရသည်။

လက်ရှိအချိန်၌ လမ်းများ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီ ဖြစ်သော်လည်း မြေပြင် စစ်ရေး တင်းမာမှု ရှိနေသေးသည့်အတွက်ကြောင့် ကားသမားများ နှင့် လမ်းသွားလမ်းလာများက စိုးရိမ်မှုကြား ခရီးဆက်နေ ရကြောင်းလည်း သိရသည်။

“လုံခြုံတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ ဘာဖြစ်လိုလဲဆိုရင် အခုချိန်ထိ မြေပြင် စစ်ရေး တင်းမာမှုက ရှိနေတုန်းပဲ။ အဲ့ကြောင့် စိုးရိတ်တဲ့ကြားကနေ လိုရာခရီးကို ဆက်ကြရတာပေါ့”ဟု အထက်ပါ ကားသမားက ဆက်ပြောသည်။

အဆိုပါ တောင်ကြီး – မိုင်းပွန် – လွိင်လင်လမ်းကြောင်း လမ်းပိတ်ခြင်းကြောင့် ကားသမားများ စားဝတ်နေရေး နှင့် ဝမ်းစာရှာဖွေရေးအတွက် အခက်အခဲများ ကြုံတွေ့နေရသည့်အပြင် လမ်းလွဲအဖြစ် အသုံးပြုသည့် ပင်လုံ – ကျောက်တန်း – တောင်ကြီးလမ်း၌ ကားတိမ်းမှောက်မကြာခဏဖြစ်ပွားပြီး လူသေဆုံးမှုပါ ရှိနေသည့်အတွက် လမ်းကြောင်းအသုံးပြုမှုကို ခေတ္တပိတ်ထားရကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ( ၂၀ ) ရက်နေ့မှ စတင်ပြီး စစ်ကောင်စီ ပူးပေါင်းတပ် PNA နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တိုအကြား တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ကုန်ကားများနှင့် ခရီးသွားကားများရာနှင့်ချီ ပိတ်မိနေသည်မှာ တပတ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img