မတ်လ ၁ ရက်၊ ၂၀၂၄
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာအနီးတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်း ၉ နာရီခွဲဝန်းကျင်တွင် KIA ဒုတပ်ရင်းမှူး အဆင့်ရှိသူ လိုက်ပါ စီးနင်းလာသည့် ယာဉ်တန်းသုံးစီးကို TNLA တပ်မှ ဟန့်တား စစ်ဆေးရာ နှစ်ဖက် အပြန်အလှန် တင်းမာမှုဖြစ်ပြီး ပစ်ခတ်မှုပါ ဖြစ်သွားကြောင်း သိရသည်။
ဖြစ်စဥ်မှာ နမ့်ဖက်ကာရှိ ဘုရားကျောင်းကို ဦးတည်သွားနေစဉ် လမ်းတစ်ဝက်၌ စစ်ဆေးနေသည့် TNLA တပ်ဖွဲ့ နှင့် ထိပ်တိုက်ရင်ဆိုင်မိကာ စစ်ဆေး စကားများရာကနေ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုသည် ၁၀ မိနစ်ကျော် အချိန်ကြာပြီး နှစ်ဖက်ပစ်ခတ်မှုကြား ထိခိုက်ဒဏ်ရာရမှု ရှိနေကြောင်း လည်း သတင်းသိရသည်။
ရှမ်းမြောက်/နမ့်ဖက်ကာ ဒေသအတွင်းတွင် KIA တပ်သည် တခြားသော လက်နက်ကိုင် တပ်ဖွဲ့များ နည်းတူ လှုပ်ရှားမှု ရှိလာခဲ့သော်လည်း ၁၀၂၇ စစ်ဆေးရေးနောက်ပိုင်း TNLA တပ်မှ နမ့်ဖက်ကာကို တအာင်း (ပလောင်) ထိန်းချုပ်နယ်မြေ အဖြစ် အပိုင်သိမ်းသွင်းရန် ကြံစည် ကြိုးစားမှု လုပ်ရပ်များကြောင့် နှစ်ဖက်တပ်ဖွဲ့က နယ်မြေပိုင်ဆိုင်မှု အငြင်းပွား နေလျက်ရှိကြောင်းလည်း သိရသည်။
ထို့အပြင် နမ့်ဖက်ကာ ဒေသ၌ ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် တအာင်း (ပလောင်) အမျိုးသား တပ်မတော် (TNLA) တို့အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတပ်၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့တို့လည်း သွားလာလှုပ်ရှားနေကြောင်းလည်း သိရသည်။
Credit-photo