ဖေဖော်ဝါရီလ ၂၉၊ ၂၀၂၄
ရှမ်းပြည်နယ်၊ တောင်ပိုင်းရှိ ဆီဆိုင်မြို့မှ တောထဲ စစ်ရှောင်ထွက်ပြေးနေရသည့် စစ်ဘေးရှောင်များသည် နေထိုင်စားသောက်ရေး နှင့် ဆေးဝါး အတွက်အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်မှုကြောင့် တောထဲ စစ်ရှောင်ထွက်ပြေးရသည့် ဒေသခံများ တချို့သည် ဝမ်းပျက် ဝမ်းလျှော ဖြစ်ပြီး ဆေးဝါးများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူ တစ်ဦးထံမှ သိရသည်။
“ဝမ်းပျက် ဝမ်းလျှောက ကလေးတွေမှာ အများစု ဖြစ်ကြတယ်။ ဆေးအကူရှိပေမဲ့ လုံလောက်တဲ့ ဆေးဝါးတွေ မရှိဘူးလေ။ လူကြီးတွေမှာလည်း ဖြစ်ကြတယ်၊ နေရာထိုင်ခင်း အခက်အခဲကြောင့်လည်း ဖြစ်နိုင်တယ်။ နေရာက ကျဥ်းကျဥ်းကြပ်ကြပ်နဲ့ စုပြီးနေနေရတော့ ကူးကုန်ကြတာပေါ့” ဟု စစ်ရှောင်ကူညီသူက ပြောသည်။
လက်ရှိ စစ်ရှောင်များ ရှိသည့်နေရာသည် လမ်းကြောင်း အခက်အခဲ နှင့် လုံခြုံရေး အခြေအနေများကြောင့် နေရပ်ပြန်လိုကြသော်လည်း စစ်ကောင်စီ ရန်ပြန်မည်ကို စိုးရိမ်သည့်အတွက် မပြန်ရဲသေးကြောင်းလည်းသိရသည်။
ထို့အပြင် ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီမှ ဖုန်းလိုင်း အင်တာနက်လိုင်းမျာလးည်း ဖြတ်တောက်ထားသည့် အတွက် ဆက်သွယ်ရေးအတွက်လည်း ခက်ခဲနေကြောင်း စစ်ရှောင်ကူညီသူက ဆက်ပြောသည်။
“ဖုန်းလိုင်းက ရတဲ့နေရာရပြီး၊ မရတဲ့နေရာကတော့ လုံးဝ မရဘူး။ အဲ့ကြောင့် ဖုန်းလိုင်း ရနိုင်မယ့် နေရာကို သွားပြီး ဆက်ရတယ်။ အဲ့လိုသွားတဲ့ အခါကျတော့ လုံခြုံရေးအတွက်လည်း စိတ်ပူရတယ်။ ဒါကြောင့် တချို့က တောထဲမှာပဲ စစ်ရှောင်နေကြရတာ” ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိ အချိန်အထိ ဆီဆိုင်မြို့တွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်နေမှု ရှိနေသေးသည့်အတွက် မိဘပြည်သူများအနေဖြင့်လည်း နေအိမ်ပြန်ကြည့်ခြင်း၊ ပစ္စည်းပြန်သယ်ခြင်းများ မပြုလုပ်ကြရန် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA က ထုတ်ပြန်သတိပေးထားသည်။
Credit-photo