နမ္မတူမြို့နယ်မှ ပြည်သူပိုင် လက်ဖက်ခြံမြေနေရာကို TNLA တပ်က အတင်း သိမ်းယူ
ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၂၄
ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း ရှိသည့် ပြည်သူပိုင် လက်ဖက်ခြံမြေနေရာများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က အတင်းသိမ်းယူကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့၌ နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာအုပ်စု၊ ခိုခမ်းကျေးရွာရှိ ပြည်သူပိုင် လက်ဖက်ခြံမြေ နေရာဧကပေါင်း ၆ ဧကကျော်ကို တအာင်းတပ် (TNLA) က အတင်းသိမ်းယူ ထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဖြစ်စဥ်ကို သိရှိသည့် ဒေသခံ တစ်ဦးက “သူတို့ ဘတ်ဖိုးကားနဲ့ မြေတွေလာပြီး လှန်ပစ်၊ ထွန်ပစ်တာပေါ့။ အဲ့မြေနေရာက လက်ဖက်စိုက်ပြီး စီးပွားဝမ်းစာဖြစ်တဲ့ နေရာဖြစ်တယ်။ စုစုပေါင်း ၆ ဧက ကျော်တာပေါ့။ စစလာတဲ့နေ့က သူတို့ (TNLA) ယူနီဖောင်းနဲ့ စစ်သား ၇၊ ၈ ယောက်ပါတယ်။” ဟု TNLA မှ ပြည်သူပိုင် မြေနေရာကို ဘတ်ဖိုးကားနှင့်အတူ လာရောက်သိမ်းယူသည့် အကြောင်းကို ပြောပြသည်။
အဆိုပါ မြေနေရာသည် ခိုခမ်းကျေးရွာနေ လုင်းမြတ်ဆာ + ပါလွယ်ပူ တို့က ပိုင်ဆိုင်ထားလျက်ရှိပြီး စီးပွားရေး ဝမ်းစာအဖြစ် လက်ဖက်ခြံ စိုက်ပျိုးသည့် မြေနေရာလည်း ဖြစ်ကြောင်း သိရသည်။
TNLA တပ်မှ ပြည်သူပိုင် မြေနေရာသို့ လာရောက်သိမ်းယူခြင်း နှင့်ပတ်သက်ပြီး ပိုင်ရှင်ထံသို့ ကြိုတင် အကြောင်းကြားမှု မရှိသည့် အပြင် အထက်အမိန့်အရ လုပ်ဆောင်ရသည်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်ကဆက်ပြောသည်။
“ပိုင်ရှင်က သတင်းကြားလို့ သူတို့ကို သွားတားတာပေါ့၊ ဖြစ်စဥ် အကျိုးအကြောင်းလေးပါ မေးကြည့်တော့ အထက်အမိန့်အရ သူတို့မှာ လုပ်ပိုင်ခွင့်ရှိပြီးသားပါတဲ့။ အဲ့မှာပိုင်ရှင်လည်းမြေနေရာကို ပြန်ပေးပါလို့ ပြောလည်း မရဘူး။ ဒီနေ့အထိ အဲ့မြေနေရာမှာ သူတို့ စစ်သားတွေ ရှိနေတုန်းပဲ” ဟု ပြောပြသည်။
ယင်းကဲ့သို့ TNLA မှ ပြည်သူပိုင် မြေနေရာများကို အဓမ္မသိမ်းယူခြင်းနှင့် ပတ်သက်ပြီး ဒေသခံများ စုပေါင်းကာ ဒေသအတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) ထံသို့လည်း အသနားခံစာ တင်ပြတောင်းဆိုထားရာ ဖြေရှင်းပေးမည်ဟု အကြောင်းပြန်ခဲ့သော်လည်း ယနေ့အထိ မထူးခြားသေးကြောင်း လည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
TNLA တပ်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် နမ္မတူမြို့ရှိ စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းယူပြီး နမ္မတူမြို့တွင်း နေရာယူ ထိန်းချုပ်ကာ ပြည်သူပိုင် နေအိမ်များကို ဖောက်ထွင်းဝင်ရောက် ခြင်း၊ မြေနေရာများကို သိမ်းဆည်းခြင်းများ ပြုလုပ်လာခဲ့သည်ဟုလည်း သတင်းသိရသည်။
Credit-photo