ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၂၄
လားရှိးခရိုင်၊ တန့်ယန်းမြိုနယ်အတွင်းမှာ အမည်မသိ လူတစ်ဦးမှ ရွှေဆိုင်အတွင်း ဝင်ရောက်သေနတ်ပစ်ခတ်ပြီး ဓါးပြတိုက်ယူမှုကြောင့် ဆိုင်ရှင်ဖြစ်သူ အမျိုးသား တစ်ဦး သေဆုံးသွားရကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီခွဲ ဝန်းကျင် အချိန်မှာ တန့်ယန်းမြို၊ အမှတ် (၄) ရပ်ကွက်အတွင်း ဖွင့်လှစ်ထားသည့် သစ္စာရွှေဆိုင်ကို အမည်မသိ လူတစ်ဦးမှ သေနတ်ပစ်ခတ်ကာ ဓါးပြတိုက်ယူသွားကြောင်း သိရသည်။
“ဓါးပြလာတိုက်တဲ့ အမျိုးသားက အသက် (၄၀) ဝန်းကျင်လောက် ရှိမယ်ထင်တယ်။ သူတစ်ယောက်တည်းပဲ လာတာ။ ဆိုင်ထဲဝင်ဝင်ချင်းသေနတ်ထုတ်ပြီးပစ်တာ ဆိုင်ရှင်ဖြစ်သူကို မှန်သွားတယ်။ အဲ့ဆိုင်ရှင်လည်း ပွဲချင်းပြီး သေသွားတယ်” ဟု နီးစပ်သူ တစ်ဦးက ပြောပြသည်။
အဆိုပါ သေဆုံးရသည့် ဆိုင်ရှင်ဖြစ်သူ အမျိုးသားသည် အသက် (၅၀) ဝန်းကျင်ရှိ ဦးကျော်ဦး ဆိုသူဖြစ်ပြီး သေနတ်ဖြင့် တစ်ချက် အပစ်ခံရကြောင်းလည်း သိရသည်။
ယင်းဓါးပြတိုက်မှုဖြစ်စဥ်ကြောင့် ဆုံးရှုးမှု ပမာဏကိုမူ မသိရသေးချေ။
ဓါးပြတိုက်ရန် လာသည့် အမျိုးသားကလည်း ဆိုင်ရှင်ဖြစ်သူကို သေနတ်ဖြင့် ပစ်ခတ်အပြီး ဆိုင်ကယ်ပေါ် တက်ကာ မြိုပြင်ဘက် မောင်းထွက်သွားကြောင်း ဘေးပတ်ဝန်းကျင်ရှိ မြင်တွေ့သူများက ပြောသည်။
ဓါးပြတိုက်မှုဖြစ်ပွားပြီးသည့်နောက် သေဆုံးသူ ဦးကျော်ဦး၏ ရုပ်အလောင်းကို တာဝန်ရှိသူများက လာရောက်စစ်ဆေးပြီး ရင်ခွဲရုံသို ပိုဆောင်ကာ ကျူးလွန်သူကို ဆက်လက်စုံစမ်းမှု ပြုလုပ်သွားမည်ဟုလည်း သိရသည်။
စစ်အာဏာသိမ်းယူမှု ဖြစ်ပြီးနောက်ပိုင်း ရှမ်းပြည် အပါအဝင် နိုင်ငံနှင့် တစ်ဝှမ်းလုံး၌ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေပြီး ခိုးဆိုးလုယက်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများ နှင့် ပစ်ခတ်သတ်ဖြတ်မှုများ စသည်ဖြင့် တခြား တရားမဝင်လုပ်ငန်းများ၊ ဒုစရိုက်လုပ်ငန်းများလည်း ပေါများလာကြောင်း ပြည်သူများက ပြောဆိုညဥ်းတွားနေကြသည်။