ဒီဇင်ဘာလ ၅ရက်၊၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအတွင်းသို့ စစ်ကောင်စီတပ်မှ ပစ်ခတ်သော ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရကြောင်းသိရသည်။
သိန္နီမြို့နယ် ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် ယမနေ့ (ဒီဇင်ဘာ ၄ ရက်) နံနက်အချိန် စစ်ကောင်စီတပ်မှ ပစ်ခတ်လာသည့် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အသက် ၆၀ ကျော်အရွယ်ရှိ အဘွားအို ၁ ဦး ထိတ်လန့်သေဆုံးခဲ့ပြီး၊ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“ဒီမနက် ကျောင်းခမ်းဘုန်းကြီးကျောင်းဝင်းထဲကို ရှော့တိုက်ဒုံးကျလာပြီး အသက် ၆၂ နှစ်အရွယ် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်။ အသက် ၆၀ ကျော် အဘွားတစ်ဦးလည်း အသံကြောင့် ထိတ်လန့်ပြီး ဆုံးသွားတယ်။ အစက စစ်ဘေးရှောင်စခန်းက လူတွေကို စစ်ကောင်စီတပ်ကပဲ အဝင်အထွက်ပေးမလုပ်တာ၊ အခုကျတော့ ကိုးကန့်တပ်ကလည်း ပြည်သူတွေကို ပေးမထွက်တော့ဘူး။ ရှင်းရှင်းပြောရရင်တော့ နှစ်ဘက်လုံးက စစ်ဘေးရှောင်တွေကို လူသားတံတိုင်းလုပ်နေတာပဲ”ဟု သိန္နိမြို့မှ စစ်ဘေးရှောင် အမျိုးသားတစ်ဦး ပြောကြားချက်အရ သိရသည်။
သိန္နီမြို့နယ် ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် “၁၀၂၇ စစ်ဆင်ရေး”အစပိုင်းက စစ်ဘေးရှောင်ဦးရေ ၃၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး စားဝတ်နေရေး အခက်အခဲကြောင့် နီးစပ်ရာမြို့ရွာများသို့ ထပ်မံထွက်ပြေးကြရာ လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ ၁၃၀၀ ခန့် ကျန်ရှိနေသေးကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။
သိန္နီမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ-၆၉ နှင့် ကျောင်းခမ်းဘုန်းကြီးကျောင်းသည် မျက်နှာချင်းဆိုင် တည်ရှိနေပြီး စကခ-၁၆ ၊ ခလရ-၃၂၃ တပ်ရင်းတို့နှင့် တဆက်တည်းရှိကာ ၎င်းဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်ဦးရေ ၁၃၀၀ ခန့်ကို ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့ နေ့စဉ်ပစ်ခတ်နေသော တိုက်ပွဲကြားတွင် လူသားဒိုင်းကာအဖြစ် အသုံးချနေသည်ဟု သိန္နီမြို့ စစ်ဘေးရှောင်နေသူများက ပြောသည်။
သိန္နီမြို့ ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် နိုဝင်ဘာ ပထမပတ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသမီးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိန္နီမြို့စစ်ဘေးရှောင်များထံမှ သိရသည်။