ဝန်ကြီးဟောင်း စိုးထွဋ်၏ လူယုံ သတင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်သီဟ လာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

Photo : Credit

ဒီဇင်ဘာလ ၁၄ရက်၊၂၀၂၃

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြစ်မှုထောင်ဒဏ်များချမှတ်ပြီးနောက် နောက်ဆက်တွဲအနေဖြင့် စိုးထွဋ်၏ လူယုံ သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်သီဟကိုလည်း ထောင်ဒဏ် ၃ နှစ် ပြစ် ဒဏ်ချမှတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီ က ဝန်ကြီးဟောင်း စိုးထွဋ်ကို မြန်မာနိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် ကုမ္ပဏီများက အကူအညီတောင်းခံမှုအပေါ် ရာထူးနှင့် လုပ်ပိုင်ခွင့်ကို မလျော်သြဇာ အသုံးပြုခြင်း၊ တံစိုး လက် ဆောင် လက်ခံရယူခဲ့ခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ထမ်းသက် သာချောင်ချိရေးရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် ညီညွှတ်မှုမရှိသည့် ဆောင်ရွက်မှုများအပေါ် ထိန်းသိမ်းကြပ်မတ်ကွပ်ကဲရန် ပျက်ကွက်ခဲ့ခြင်းတို့ကြောင့် ရာထူးမှ ဖယ်ရှား ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်သီဟကို နိုင်ငံကူးလက်မှတ်အတွက် အဂတိလိုက်စားမှုများ ပေါ်ပေါက်ခြင်း၊ နိုင်ငံ တော်ဆိုင်ရာဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်မှု ရရှိနိုင်ရေး လုပ်ငန်းရှင်များထံမှ လာဘ်ယူခြင်း၊ သတင်းရဲတပ်ဖွဲ့ ၏ ရန်ပုံငွေ အလှူငွေများကို အလွဲသုံးစားခြင်းတို့ဖြင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရဲမှူးချုပ်ကျော်သီဟကို ထောင်ဒဏ် ၃ နှစ်ချမှတ်ပြီးနောက် ရမည်းသင်းအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း၊ ရဲမှူးချုပ်ကျော်သီဟမှာပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်အတွက် အဓိက ဝင်ငွေရှာပေးခဲ့သူဖြစ်ကြောင်းကိုလည်း သိရှိရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img