ဒီဇင်ဘာလ ၇ ရက်၊ ၂၀၂၃
ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့မှာ ရှိတဲ့ အဓိက ဗျူဟာကုန်းတစ်ခုဖြစ်တဲ့ တာရင်တောင် (စေတီကုန်း) ကို ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လောက်ကိုင်ပတ်ပတ်လည် မှာ စစ်ကောင်စီတပ်စခန်း ၄ ခုသာ ကျန်တော့တယ်လို့ သိရပါတယ်။
တာရင်တောင်ကို ၄ ရက်ကြာ တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၆ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
တာရင်တောင် စခန်းသိမ်းပိုက်ပြီးနောက် လောက်ကိုင်မြို့ရဲ့တောင်ဘက်ခြန်းမှာ စစ်ကောင်စီတပ်စွဲထား တဲ့ High Point မရှိတော့ဘူးလို့ MNDAA တပ်သားများက ဆိုပါတယ်။
ကိုးကန့်ဒေသအတွင်း ကျန်ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကတော့ မီရှင့်ကုတ်၊ နန်ထင်မိန်၊ ရန်လုံကျိုင့် နဲ့ တာရွှေထန် စခန်းတွေသာ ကျန်ပါတော့တယ်။ ကိုးကန့်ဒေသ ပြန်လည်ထူထောင်ရေးအောင်မြင်တော့ မယ်လို့လည်း MNDAA က ကြွေးကြော်ထားပါသေးတယ်။
တစ်လကျော် ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်ဒေသတစ်ခုတည်းမှာ စစ်ကောင်စီစခန်း ၂၀၀ ကျော် သိမ်းမိထားပြီး ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်းနဲ့ ကုန်းကြမ်းမြို့ ၅ မြို့ သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။