ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တိုက်ပွဲကြောင့် ဒဏ်ရာ ရရှိခဲ့သော ရဲဘော်များကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သေနတ်ခါး ကြားထိုးပြီး သွားရောက်အားပေး နှစ်သိမ့်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ရက်စွဲဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ၁၀၂၇ စစ်ဆင်ရေးကြောင့် နေရပ်စွန့်ခွာပြီး လားရှိုးမြို့ မန်ဆူဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေကြသော စစ်ဘေးရှောင်များ၏ စားဝတ်နေရေးအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။
“ မနေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေ့လည်ပိုင်းမှာ လားရှိုးကို ရောက်လာတာပါ၊ မန်ဆူရှမ်းကျောင်းမှာ ရှိတဲ့ စစ်ရှောင်တွေအတွက် အလှူငွေ ကျပ်သိန်း ၅၀၀၀၊ အဝတ်အထည်နဲ့ ဆန်တွေ ကို လာလှူတာပေါ့၊ တိုက်ပွဲကြောင့် တိုင်းဆေးရုံထဲက ဒဏ်ရာရစစ်ကောင်စီရဲဘော်တွေကိုပါ လာရောက် ကြည့်ရှု့ခဲ့တယ်” လို့ ဒေသခံတစ်ဦးက ဆိုပါသည်။
တစ်လကျော်ကြာ “၁၀၂၇ စစ်ဆင်ရေးအတွင်း” စစ်ကောင်စီတပ်စခန်း ၂၀၀ ကျော် ဆုံးရှူံးခဲ့ပြီး စစ်ရှောင် များနှင့် တွေ့ဆုံချိန် နယ်မြေအမြန်ဆုံး ပြန်လည်အေးချမ်းစေရေးအတွက် ကြိုးစားသွားမည်ဟုလည်း စစ်ရှောင်များအတွက် အားပေးစကားပြောသွားသေးကြောင်း သိရသည်။
ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း အာဏာသိမ်းစစ်ခေါင်းဆောင်က လားရှိုးမြို့ကို ပထမဆုံး အကြိမ် လာရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။