မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စက်သုံးဆီပြတ်လပ်နိုင်ချေရှိ

Photo : Credit

ဒီဇင်ဘာလ ၆ရက်၊၂၀၂၃

တော်လှန်ရေးတပ်ဖွဲ့များက နိုင်ငံတစ်ဝန်းရှိ စစ်ကောင်စီစစ်တပ်များကို တိုက်စစ်ဆင်၍ မြို့သိမ်းတိုက်ပွဲ များ ဆက်တိုက်ဆင်နွဲနေပြီး စစ်ကောင်စီဝင်ငွေမရရန် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကိုလည်း လောင်စာဆီအပါအဝင် စစ်ကူများ ဖြည့်တင်းမရစေရန် ဖြတ်တောက်တိုက်ခိုက်လျက်ရှိနေပါသည်။ ထို့ကြောင့် စစ်ကောင်စီအနေဖြင့် ကုန်သွယ်ရေးကျဆင်း၍ ‌ နိုင်ငံခြားဝင်ငွေရှားပါးမှုကြောင့်စက်သုံးဆီရှားပါးပြတ်လပ်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုပ်ငန်းရှင်အချို့က ပြောသည်။

ယခင်က အာဏာသိမ်းစစ်ကောင်စီအနေဖြင့် စက်မှုဇုန်များအတွက် စက်သုံးဆီကို သွင်းကုန်လိုင်စင် ချ‌ပေးပြီး လောင်စာဆီခွဲတမ်းနှင့် လုပ်ငန်းရှင်များအား ကိုယ်ပိုင်အစီအစဥ်ဖြင့် စက်သုံးဆီတင်သွင်းခွင့် ပြုထားခဲ့သည်။ ထိုသို့ တင်သွင်းခွင့်ပေးထားသော်လည်း ဒီဇင်ဘာလ လဆန်းမှစ၍ တင်သွင်းခွင့်ရပ်ဆိုင်းလိုက် ကြောင်းသိရသည်။

ဒီဇင်ဘာ ၅ ရက်နေ့ ဆီပေါက်စျေးမှာ ဓာတ်ဆီ၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ကျပ် ၂၅၀၀ ကျပ် ၊ အောက်တိန်း ၉၅ တစ်လီတာကို ကျပ် ၂၆၄၀ ၊ ဒီဇယ် တစ်လီတာကို ကျပ် ၂၂၁၀ နှင့် ပရီမီယမ်တစ်လီတာလျှင် ၁၃၁၅ ပေါက်စျေး ရှိသည်။ ထို့အပြင် “ ပြည်ပပေါက်စျေး တစ်ဒေါ်လာကို ကျပ် ၃၅၀၀ နဲ့ တင်သွင်းရတော့မှာမို့ ဆီစျေးက မြင့်တက်သွားဖို့ဘဲ ရှိတော့တယ်”ဟု ဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ နိုင်ငံခြား‌ငွေရပေါက်လမ်းဖြစ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပို့ကုန်တင်ပို့မှုနှင့် အခြားနိုင်ငံတကာအကူအညီများကျဆင်းသွားရာ စစ်ကောင်စီ အနေနဲ့ နိုင်ငံခြားငွေ(ဒေါ်လာ) လိုအပ်ချက်ကြီးမားနေသည်။ စစ်ကောင်စီမှာ ဒေါ်လာကို‌ချွေတာသုံးစွဲနေရသဖြင့် သွင်းကုန် အမြောက်အများကို ပိတ်ပင်ခဲ့ရပြီး ပြည်တွင်းအမှန်တကယ်လိုအပ်ချက်ဖြစ်သော စက်သုံးဆီနှင့် စားသုံးဆီနှစ်မျိုး ကိုပင် လုံလောက်အောင်တင်သွင်းနိုင်ခြင်းမရှိတော့ပါ။

ကုန်သွယ်ရေးလုပ်ငန်းများတွင် နိုင်ငံခြားသုံးငွေနှင့် ပက်သက်၍ အလွဲသုံးစားပြုသည်ဟုဆိုသော စစ်ကောင်စီအဖွဲ့ ဝင် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမင်းထွန်းနှင့် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရေးယူခဲ့သော်လည်း လက်ရှိဖြစ်ပွားနေသော ပြည်တွင်းပြဿနာများကို ထိန်းချုပ်ဖြေရှင်းနိုင်ခြင်း မရှိသေးပါ။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img