ဒီဇင်ဘာလ ၁၁ရက်၊၂၀၂၃
မြန်မာ-တရုတ် နယ်စပ်ဒေသ မူဆယ်မြို့တွင် ရက်ရှည်လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဒေသခံများ ရွှေလီမြစ်(နမ့်မောဝ်း)ထဲသို့ ရေဆင်းချိုးနေကြစဉ် ရေနစ်သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း မူဆယ်မြို့လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ယခု သီတင်းပတ် ၁ ပတ်အတွင်း မူဆယ်မြို့တွင် ရက်ရှည်လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ရေများပြတ်လပ်သဖြင့် ဒေသခံများသည် ရွှေလီမြစ်ထဲသို့ ရေဆင်းချိုးရသည့်အဆင့်ထိ ဖြစ်ခဲ့ပြီး အဆိုပါ မြစ်ထဲသို့ ရေဆင်းကြသူ ၃ ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ ဒေသခံတစ်ဦးက ပြောသည်။
ယခင်က မြစ်ကမ်းတလျှောက်မှာ သဲထုတ်လုပ်ငန်းတွေ ရှိခဲ့ပြီး အဆိုပါသဲတွေ ထုတ်ယူပြီးနောက်ပိုင်း သဲဝဲကျင်းတွေ ဖြစ်ပေါ်လာခဲ့သည်။ ထိုနေရာများကို ဒေသခံတွေမှ ရေတိမ်သည်ဟုဆိုပြီး ကူးကြ၊ ချိုးကြသောကြောင့် ဝဲစုပ်တာခံရကြောင်း ဒေသခံတွေကပြောသည်။
“ အခုမူဆယ်မှာ မီးမလာ၊ ရေမရှိတော့ ရွှေလီမြစ်ထဲကို ရေဆင်းချိုးတဲ့ လူတွေအများကြီးရှိတယ်။ အဲ့လို ရေဆင်းချိုးကြတဲ့လူတွေ သုံးရက်ဆက်တိုက် ၃ ယောက် ဆုံးသွားပြီ “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။
ရေနစ်သေဆုံးသူများမှာ အသက် ၁၈ နှစ်အောက် ကလေးများ ဖြစ်ကြသည်။ ထို့ကြောင့် လူငယ်များအနေဖြင့် ရွှေလီမြစ်ထဲသို့ ရေဆင်းချိုးခြင်း မပြုလုပ်ကြရန် တိုက်တွန်းထားကြပြီး မတတ်သာသောကြောင့် ဆင်းချိုးမည်ဆိုပါက ရေခွက်ဖြင့် ခပ်ချိုးကြရန်လည်း သတိပေးထားကြသည်။
ထို့အပြင် မူဆယ်မြို့ရှိ ရွှေလီမြစ်တွင် လူငယ်များ အုပ်စုဖွဲ့၍ ရေဆင်းကူး၊ ပျော်ပါးကြသဖြင့် ရေနစ်ေသဆုံးမှုများ နှစ်စဉ်နှစ်တိုင်း ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။