ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့အတွင်းမှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) ဟာ ဘုန်းကြီးကျောင်းမှ ဆရာတော် အပါအဝင် ဒေသခံပြည်သူများကိုပါ တပ်သားသစ်စုဆောင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ MNDAA တပ်ဖွဲ့ဟာ မုံးကိုးမြို့ ရပ်ကွက်တွင်းရှိ ဒေသခံ အိမ်ထောင်စု စာရင်းများ ကောက်ယူလျက်ရှိနေပြီး သက်ကြီးပိုင်းများကိုပါ ၎င်းတို့တပ်အတွင်း ချက်ပြုတ်ခိုင်းစေနေတယ်လို့ သိရပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် MNDAA တပ်ဖွဲ့ဟာ မုံးကိုးမြို့ ဘုန်းကြီးကျောင်းရှိ ကိုရင်များကို လူဝတ်လဲခိုင်းပြီး တပ်သားသစ်စုဆောင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။အချို့ဘုန်းကြီးကျောင်းေတွမှာတော့ ကိုရင်လေးတွေကို မိဘတွေကပြန်လာခေါ်ပြီး ထွက်ပြေးသွားကြောင်း မုံးကိုးဒေသခံ သတင်းရင်းမြစ် တစ်ဦး ကပြောပါတယ်။
“တောင်ပေါ်ကျောင်းက ကိုရင်တွေတော့ ထွက်ပြေးလွတ်မြောက်သွားတာရှိတယ်။ သူတို့ မိဘတွေ လာခေါ်ပြန်သွားတယ်။ လူဝတ်လဲပြီး တခြားနေရာမှာ ထွက်ပြေးသွားတာရှိတယ်။ မိန်းလုံဘုန်းကြီးကျောင်းတော့ မမှီလိုက်ဘူး။ စစ်သားတွေ ဝင်သွားပြီး ကိုရင်တွေကို လူဝတ်လဲပြီး စစ်သားလုပ်ခိုင်းလိုက်တယ်။ ကိုရင်ဘယ်နှပါး လူဝတ်လဲရလဲဆိုတာ အတိအကျတော့ မသိသေးဘူး။ ကျောင်းထိုင် ဆရာတော်ကတော့ တရုတ်ဘက်ကို ထွက်ပြေးသွားပြီလို့ ကြားတယ်။ ဆရာတော်က ဘာမှတောင် မပါသွားလိုက်ရဘူး။”လို့ မုံးကိုးဒေသခံ တစ်ဦး ကပြောပါတယ်။
လက်ရှိမှာတော့ အိမ်ထောင်စုစာရင်းတွေ ရပ်ကွက်တိုင်း ကောက်နေပြီး ယောကျာ်းေလးရှိလျှင် စစ်သားလုပ်ခိုင်းပြီး ယောကျာ်းလေးမရှိရင် မိန်းကလေးတွေလည်း ခေါ်ယူနေတယ်လို့ သိရပါတယ်။ လူငယ်တွေမရှိရင် အသက် (၅၀) ကျော် (၆၀) က လူကြီးတွေကို ခေါ်ပြီး ၄င်းတို့ဝတ်စုံကိုဝတ်ခိုင်းပြီး ချက်ပြုတ်ပေးခိုင်းတယ်လို့လည်း သိရပါတယ်။
MNDAA တပ်ဖွဲ့သည် စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၁၅၀) ဝန်းကျင် တိုက်ခိုက်နိုင်ခြင်း၊ ချင်းရွှေဟော်မြို့ကို ထိန်းချုပ်နိုင်ခြင်း၊ လက်ရှိ လောက်ကိုင်မြို့ကို ထိန်းချုပ်နိုင်ရန်အတွက် လောက်ကိုင်မြို့အနီးဝန်းကျင်မှာ MNDAA စစ်အင်အားများ ဖြန့်ကျက်ထားရှိနေပါတယ်။