နိုဝင်ဘာလ ၁၈ရက်၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ ပန်မုန့်အုပ်စုအတွင်းမှာ နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြသည့် KNPP နှင့် PDF တို့ကို ပို့ဆောင်မည့် လက်နက်ခဲယမ်း အများအပြားကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အဆိုပါ လက်နက်ခဲယမ်းများကို ပင်လုံမြို့ ပန်မုန့်ကျေးရွာအုပ်စု လွယ်တပ်ကျေးရွာနေ ပေတူး(ခ) မာရီယာနို၏ နေအိမ်ခြံဝင်းအ တွင်းရှိ ဂိုထောင်အဆောက်အဦးအတွင်းမှ လက်နက်မျိုးစုံနှင့် ဆက်စပ်ပစ္စည်းများအပြင် တရားခံ (၇)ဉီး ဖမ်းမိလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် တရားခံ (၇) ဦးကို ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဟုလည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီမှ ဖမ်းဆီးရမိသည့် လက်နက်များမှာ – RPG ဒုံးပစ်လောင်ချာ ၁၂ လက်၊ တရုတ် စက်လတ် ၉ လက်၊ Type – 81 မောင်းပြန်ရိုင်ဖယ် ၁၀၉ လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၁၃၀ လက်၊ RPG ဒုံးသီး ၁၀၆ လုံး၊ စုစုပေါင်း ဗုံးသီးမျိုးစုံ ၇၆၃၂ လုံး၊ ၇.၆၂ ကျည် ၁၃၆၇၀ တောင့်၊ ၁၀၇ မမ စနက်အုံ ၁၀၀ ခု၊ လက်နက်ငယ်ပြောင်း အပို ၅၀၀ ချောင်း၊ ကျည်အိမ်မျိုးစုံ ၁၈၂၉ ခု၊ TNT ယမ်း ၉၅၀ ကီလိုဂရမ်၊ အမိုနီယမ် နိုက်ထရိတ် ၂၀၀ ကီလိုဂရမ်၊ Equipment ၂၀၀၀ စုံ ၊ Canter အမျိုးအစား (လိုင်စင်မဲ့) ၆ ဘီးယာဉ် ၃ စီး၊ Ford အမျိုးအစား (လိုင်စင်မဲ့) မော်တော်ယာဉ် ၁ စီး နှင့် Vigo အမျိုးအစား (လိုင်စင်မဲ့) ၁ စီး တို့သိမ်းဆည်းရမိထားပါတယ်။
ကယားပြည်နယ်မှာ ၁.၁.၁.၁ စစ်ဆင်ရေးကြောင့် KNDF တို့ လွိုင်ကော်တက္ကသိုလ်ကို ထိန်းသိမ်းထားပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေပြီး လွိုင်ကော်ဒေသခံတွေ ရှမ်းတောင်ဘက်ကို စစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။