လောက်ကိုင်မြို့မှတဆင့် နေရပ်ပြန်မယ့်ထောင်နဲ့ချီတဲ့စစ်ဘေး ရှောင်တွေဟာ ချင်းရွှေဟော်-ကွမ်းလုံ-သိန္နီလမ်းမှတဆင့် လားရှိုးမြို့သို့ရောက်ရှိလာကြပြီး စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများက မြို့တွင်းသို့ပေးမဝင်ရုံသာမက မြို့ရှောင်လမ်းကိုပါ ပိတ်ထားကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း လောက်ကိုင်မြို့ကိုဝင်တိုက်တော့မည်ဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ထုတ်ဖော်ပြာကြားပြီးနောက် လောက်ကိုင်မြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ လေကြောင်းနဲ့ပါ အကြိမ်ကြိမ်ပစ်ခတ်နေတာကြောင့် မြို့တွင်းနေ ဒေသခံပြည်သူ သောင်းနဲ့ချီ နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာ ၂၆ ရက်နေ့မှစပြီးလောက်ကိုင်မြို့မှ ထွက်ခွာခဲ့ကြတဲ့ ထောင်နဲ့ချီသော စစ်ဘေးရှောင်တွေထဲမှ ဆိုင်ကယ်ဖြင့် နေရပ်ပြန်သူဦးရေ၄၀၀ကျော်ဟာ လားရှိုးမြို့သို့ နိုဝင်ဘာ ၂၈ ရက်နေ့ ညအချိန်မှာရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာသို့ ဆိုင်ကယ်ဖြင့်ရောက်ရှိလာသူများဟာ ချင်းရွှေဟော်-ကွမ်းလုံ- သိန္နီ လမ်းမကြီးအတိုင်း ခရီးနှင်လာပြီး သိန္နီ-လားရှိုးအကြားကိုတော့ တောလမ်းမှလာခဲ့ကြရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
လက်ရှိ လားရှိုး ဟိုပိတ်တိုးလ်ဂိတ်မှာပိတ်မိနေကြတဲ့ စစ်ဘေးရှောင်တွေလည်းရှိနေပြီး ရေသန့်တစ်ဘူးလျှင် ၂၅၀၀၊၃၀၀၀ ကျပ်ပေးဝယ်သောက်နေရတယ်လို့ ဆိုပါတယ် ။ လားရှိးမြို့ထဲမှ ဆွေမျိုးများရှိလျှင် လာရောက်ထောက်ခံယူနိုင်ပြီး ထောက်ခံသူရဲ့ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာနဲ့ စစ်ဘေးရှောင်သူသွားမည့် လိပ်စာမေးမြန်းနေတယ်လို့လည်း သိရပါတယ်။
မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ စတင်ခဲ့တဲ့ ၁၀၂၇စစ်ဆင်ရေးလှုပ်ရှားမှုကြောင့် ရှမ်းမြောက်တခွင်မှာ နေ့စဥ်ရက်ဆက်တိုက်ပွဲတွေဖြစ်ပွားနေရပြီး ကျောက်မဲ၊သီပေါ၊ သိန္နီ၊ မူဆယ်၊ နမ့်ခမ်း စတဲ့ ရှမ်းမြောက်ဒေသမှ ဒေသခံပြည်သူ အမြောက်အမြား နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ လက်ရှိမှာတော့ ရှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ် ၁၂ခုထက်မနည်း စစ်ဘေးရှောင်ဦးရေ ၆ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ထို့အပြင်မူဆယ်- နမ့်ခမ်းတစ်လျှောက် တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နမ့်ခမ်းမြို့နယ်အတွင်း ရှိ ကျေးရွာတွေက စစ်ဘေးရှောင်တွေဟာ နမ့်ခမ်းမြို့နယ် ကွန်ဟိုင်းကျေးရွာအုပ်စုက ဘုန်းတော်ကြီးကျောင်း တွေမှာ လာရောက်စစ်ဘေးရှောင်နေကြရပါတယ်။ နမ့်ခမ်းမြို့နယ်မှ ပျှမ်းမျှစစ်ရှောင်ဦးရေမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းလျှင် ၅၀၀ ကျော်ခန့်ရှိနေပြီး စစ်ဘေးရှောင်လက်ခံထားတဲ့ ဘုန်းကြီးကျောင်း ၇ ကျောင်းအထိရှိနေပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်နိုင်ဖို့ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါမြို့ ကျင်သီတံတားနဲ့ သိန္နီမြို့ဝင် နမ္မတူတမ်းများကို ညီနောင်မဟာမိတ် ၃ ဖွဲ့ကဖျက်ဆီးထားပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု အခက်အခဲတွေကြောင့် ကုန်စျေးနှုန်းမြင့်တက်လာပြီး စစ်ဘေးရှောင်တွေအနေနဲ့ ကုန်စည်ပြတ်လတ်မှုနဲ့လည်း ရင်ဆိုင်နေကြရတာဘဲ ဖြစ်ပါတယ်။