နိုဝင်ဘာလ ၂၄ ရက်၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ကျင်စန်းကျော့ဂိတ်အနီးမှာ ယမနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကားကွင်းထဲ ဗုံးကျပေါက်ကွဲရာမှ ကားအများအပြား မီးလောင်ခဲ့ပါတယ်။
ကျင်စန်းကျော့ ဂိတ်အနီး ကုန်တင်မော်တော်ယာဉ်များ မီးလောင်ပျက်စီးမှုအားလုံး ၁၂၅ စီးအထိရှိခဲ့ပြီး ဆုံးရှုံးမှုအနေဖြင့် ယာဉ်တစ်စီးလျှင် ခန့်မှန်းတန်ဖိုး ကုန်ပစ္စည်းများအပါအဝင် ကျပ်သိန်း ၃၀၀၀ နှင့် သိန်း ၅၀၀၀ ကြားရှိတယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။
“ ကားနဲ့ ကုန်ရဲ့ ခန့်မှန်းတန်ဖိုးကတော့ ကားတစ်စီးမှာ သိန်း ၃၀၀၀ နဲ့ ၅၀၀၀ ကြားရှိမယ်၊ ကုန်ကတော့ ကုန်စုံရှိတာပေါ့ အထည်တွေရော၊ ခြံထွက်ပစ္စည်းတွေရော အစုံပါပဲ၊ မီးစလောင်တဲ့ချိန်မှာ ရပ်ထားတာကြာတော့ ကားတွေက စက်နိုးလို့ မရရွှေ့လို့မရတာကြောင့် အများကြီးလောင်သွားကုန်တာ၊ အားလုံး ၁၂၅ စီးလောက် ရှိမယ် ” လို့ ဆိုပါတယ်။
ကားအမည်နှင့်နံပါတ်တွဲဖက်ပြီး ကောက်ခံထားသည့် စာရင်းများအရ ၆၇ စီးရှိပြီး နံပါတ်ကြည့်မရသည့် ကားများလည်း အများအပြားရှိသေးကြောင်း သိရှိရပါတယ်။
ကားများ မီးစလောင်ချိန်ဟာ ၈ နာရီဝန်းကျင်မှာစလောင်တာဖြစ်ပြီး ညနေ ၅ နာရီဝန်းကျင်မှာ မီးငြိမ်းသွား တာဖြစ်ပါတယ်။ ကားအစီးရေ ၁၂၅ စီး မီးလောင်ခဲ့ပြီး ခန့်မှန်းတန်ဖိုး သိန်းပေါင်း သိန်းချီ ဆုံးရှုံးမှု ရှိနိုင်တယ်လို့ သိရပါတယ်။