ကျောက်မဲ စစ်ကောင်စီတပ် ခလရ- ၅၀၁ ကို TNLA နှင့် မန္တလေး- PDF ပူးပေါင်း ဝင်ရောက်တိုက်ခိုက်

Photo : Credit

နိုဝင်ဘာလ ၃၀ရက်၊၂၀၂၃

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ စစ်ကောင်စီတပ် ခလရ-၅၀၁ ကို TNLA နှင့် မန္တလေး-PDF တပ်ဖွဲ့တို့ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီ ကျောက်မဲမြို့ လွယ်ခွင်တောင်ဘက်ရှိ စစ်ကောင်စီ ခလရ-၅၀၁ တပ်ကို TNLA နှင့် မန္တလေး-PDF တပ်ဖွဲ့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကျောက်မဲမြို့ဒေသခံများက ပြောခဲ့သည်။

“ဒီနေ့ကျောက်မဲမြို့ထဲတော့ ဘာမှမဖြစ်လိုက်ဘူး။ လက်နက်ကြီးနဲ့ မြို့ပြင်ဘက်တွေကို ပစ်သွားတာမျိုးရှိတယ်၊ တစ်နာရီခြားတစ်ခါ အဲ့လိုတော့ အသံကြားနေရတယ်။ မနက် ၉ နာရီလောက်က ၅၀၁ တပ် လွယ်ခွင်တောင်ဘက်မှာ ပစ်ခတ်သံ ကြားရတယ်။ အဲ့တပ်နားကို မဟာမိတ်တပ်တွေ ကပ်လာတော့ တိုက်ပွဲဖြစ်လာတဲ့သဘောထင်တယ်။ ၁၀ နာရီလောက်ကျတော့ ပြန်ဆုတ်သွားတာလား မသိဘူး၊ တပ်ထဲအထိတော့ မဝင်နိုင်သေးဘူး”ဟု ကျောက်မဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၂၇/၂၈ ရက်)က စစ်ကောင်စီနှင့် TNLA တပ်ဖွဲ့တို့၏ နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် နားခေါ်၊ လွယ်ခေါ်၊ ပန်ပေါင်း၊ ဇောတိကုန်း၊ နမ့်ဟူးတောင်းကျေးရွာများမှ ဒေသခံပြည်သူ ၁၀၀၀ ခန့်သည် နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ လိုအပ်နေကြောင်း ကျောက်မဲမြို့ ဒေသခံများ သိရသည်။

ထို့အပြင် နိုဝင်ဘာ ဒုတိယပတ်က ကျောက်မဲမြို့နယ် နောင်ပိန်ဂုတ်တွင်းတွင် ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်နှင့် TNLA ၊ မန္တလေး-PDF တပ်ဖွဲပူးပေါင်းတို့၏ တိုက်ပွဲများကြောင့် နောင်ပိန်တိုက်နယ်ရှိ အောင်ဓမ္မာရုံ၊ ထန်းတပင်၊ လုပ်ပါ၊ ခေးနင်း‌ကျောင်းတိုက်နှင့် ရှမ်းစာပေယဉ်ကျေးမှုခန်းမတို့တွင် စစ်ဘေးရှောင်ဦးရေ ၅၀၀ ကျော် တိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်ကလည်း ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောက်မဲအေးရှားဝေါလ် တိုးဂိတ်အနီးရှိ BOC ဓာတ်ဆီဆိုင်နှင့် အနီးရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး ၎င်းပျက်စီးမှုကြားတွင် ကျား/မ ခွဲခြားမရနိုင်တဲ့ထိ မီးလောင်သေဆုံးနေသော အလောင်း ၄ လောင်း တွေ့ရှိခဲ့ ကျောက်မဲဒေသခံများက ပြောသည်။

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ် စကခ-(၁) ၊ ခမရ-(၅၀၁) (၅၀၂) နှင့် အမြောက်တပ်-၃၅၂ တို့ အခြေစိုက် လှုပ်ရှားနေ ပြီး လက်ရှိတွင် ကျောက်မဲမြို့ စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်လျက် နေသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img