ကိုးကန့်ဒေသ ကုန်းကြမ်းတိုက်ပွဲမှာ ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ်အောင်ဇော်လင်း ပစ်သတ်ခံရ

ဒီဇင်ဘာလ ၈ ရက်၊ ၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ ကုန်းကြမ်းတိုက်ပွဲမှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲ့ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း ပစ်ခတ်ခံရပြီး သေဆုံးသွားပြီလို့ ကိုးကန့်တပ်ဖွဲ့ MNDAA က ယမနေ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ကိုးကန့်ဒေသမှာ ပုန်းအောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်‌တွေကို ကိုးကန့်တပ် MNDAA က လိုက်လံရှင်းလင်းရာ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့က ကုန်းကြမ်းတိုက်ပွဲအပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲ့အကြွင်းအကျန် တပ်ဖွဲ့ဝင်တွေကို MNDAA က ဆက်လက်ရှင်းလင်းရာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ ရုပ်အ‌လောင်း တစ်လောင်းအပေါ် ဗိုလ်မှူးချုပ်ရာထူး တံဆိပ်ကိုတွေ့ရှိကာ သေဆုံးသွားသူမှာ စကခ ၁၂ မှ စကခမှူး အောင်ဇော်လင်းဖြစ်တာကို အတည်ပြုနိုင်တာ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ စစ်ဗိုလ်အမြောက်အများ သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်စခန်း ၂၀၀ ကျော် သိမ်းပိုက်ခံရကာ ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ စစ်ကောင်စီတပ် ၄ ခုသာ ကျန်တော့တာဖြစ်တယ်လို့ သိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img