နိုဝင်ဘာ ၈ရက်၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ နေ့စဥ်ရက်ဆက်တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ နောင်ချိုဒေသခံတွေဟာ စစ်ဘေးရှောင်နေကြရပါတယ်။
စစ်ဘေးရှောင်သူအများစုမှာ ဇီးပင်၊ နောင်ပစ်၊ ပန်မလွှတ် စတဲ့ နောင်ချိုမြို့နယ်မှ ကျေးရွာဒေသခံတွေဖြစ်ပြီး လွန်ခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့ကတည်းက စစ်ရှောင်လာကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက နောင်ချိုမှာ တိုက်ပွဲသံတွေ စဲသွားတာကြောင့် စစ်ဘေးရှောင်ဦးရေ ၁၀၀ ခန့် နေရပ်ပြန်ချင်နေခဲ့ကြတာဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် နိုဝင်ဘာလ ၆ ရက်နေ့က စစ်ကောင်စီနဲ့ TNLA, မန္တလေးPDF တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တာကြောင့် နေရပ်ပြန်သွားတဲ့ စစ်ဘေးရှောင်တွေ ပြန်လှည့်လာခဲ့ရတယ်လို့ သိရပါတယ်။
“သူတို့က လာတာကြာပြီ၊ ဒီတစ်လောငြိမ်နေတယ်ဆိုပြီးတော့ ပြန်သွားကြတာ။ ဂုတ်တွင်းမှာ အသံတွေကြားလို့ ပြန်လှည့်လာကြတာ” လို့ စစ်ဘေးရှောင်စခန်းမှလူတွေက ပြောပါတယ်။ယခုလိုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်မြောက်ပိုင်းမှ မူဆယ်၊ မိုးကုတ်၊ ကျောက်မဲ၊ သိန္နီ၊ လားရှိုး၊ ကွတ်ခိုင်၊ နောင်ချို စတဲ့ ဒေသက လူထု စုစုပေါင်း ၂၀၀၀၀ ကျော်ကနေရပ်စွန့်ကာ တိုက်ပွဲရှောင်နေကြရဆဲ ဖြစ်ပါတယ်။