TNLA က မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ယက် (TYN) ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စိုင်းမောဝ်အွန် ကို ဖမ်းဆီးသွားလို့ ရှမ်းလူငယ်အဖွဲ့အစည်းများက ပြန်လွတ်ပေးရန် တောင်းဆို

Photo : Credit

နိုဝင်ဘာလ ၈ ရက်၊ ၂၀၂၃

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စုမှာ နေထိုင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ယက် (Tai Youth Network) ခေါင်းဆောင် စိုင်းမောဝ်အွန်ကို နိုဝင်ဘာ ၇ ရက် နေ့မှာ TNLA က ဖမ်းဆီးသွားတဲ့ အတွက် ပြည်တွင်းပြည်ပ ရှမ်းလူငယ်အဖွဲ့အစည်းများက ၎င်းကို ပြန်လွတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဖြစ်စဉ်မှာ တအောင်းတပ်မတော် TNLA စစ်ကြောင်းကို အသက် (၃၅)နှစ်အရွယ် စိုင်းမောဝ်အွန် (ခ) စိုင်းလူးတိုဝ် က ဓာတ်ပုံရိုက်ခဲ့လို့ ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ တအောင်းတပ်တပ်မတော် TNLA က သူ့ကို နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်း ၉ နာရီ ၅၅ မိနစ်မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

အပြစ်မဲ့ပြည်သူ စိုင်းမောဝ်အွန်(ခ) စိုင်းလူးတိုဝ်ဟာ ယခုဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ မည်သည့် အဖွဲ့ နှင့်မှ ပါဝင်ပတ်သက်ခြင်းမရှိဘဲ လူသားချင်းစာနာထောက်ထားမှုဖြင့် စစ်ဘေးရှောင်ပြည်သူတွေကို စေတနာ့ဝန်ထမ်းတစ်ယောက်အနေနဲ့ အကူအညီ ပေးနေတာ ဖြစ်ပါတယ်။

ယခုလို တအောင်းတပ်မတော် TNLA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့အတွက် မိသားစု ဝင်များလည်း စိတ်ပူနေရတယ်လို့ ဖမ်းဆီးခံရသူနှင့် နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ သူ့ကို မနေ့ကတည်းက ဖမ်းဆီးသွားတာ အခုထိ ပြန်မလွတ်ပေးသေးဘူး၊ ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတာလည်း မသိရသေးဘူး၊ သူတစ်ခုခုဖြစ်မှာကို အရမ်းစိုးရိမ်နေတယ်” လို့ ပြောပါတယ်။

စိုင်းမောဝ်အွန် ( ခ ) စိုင်းလူးတိုဝ်ကို ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် ( SSPP/SSA )က ၎င်းကို ပြန်လွတ်ပေးရန်၊ ၎င်းဟာ မည်သည့်လက်နက်ကိုင်အဖွဲ့စည်းနဲ့မှ ပါဝင်ပက်သက်ခြင်းမရှိကြောင်း ၊ အပစ်မဲ့ပြည်သူတစ်ယောက်ဖြစ်ကာ စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်ကြောင်းကို သွားရောက်ဆွေးနွေး ထောက်ခံချိန်မှာ တအောင်းတပ်မတော် ( TNLA ) က စတင်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ SSPP/SSA မှ မြို့နယ်မှုး နှင့် အပေါင်းအပါများ ထိခိုက်ကျဆုံးခဲ့ရကြောင်း ဆက်ပြောပါတယ်။

စိုင်းမောဝ်အွန်(ခ) စိုင်းလူးတိုဝ်ဟာ ရှမ်းအရပ်ဖက်အဖွဲ့အစည်းတွေမှာ လှုပ်ရှားလျက်ရှိပြီး၊ ပြည်တွင်းပြည် ပ ရှမ်းလူငယ်အဖွဲ့အစည်းများလည်း သူ့ကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွတ်ပေးကာ အိမ်တိုင်ရာရောက် ပြန်လည်ပို့ဆောင်ပေးရန် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img