နိုဝင်ဘာလ ၈ရက်၊၂၀၂၃
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက် ၂၀၂၃ တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် ( TYN ) ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ စိုင်းမောဝ်အွန် အား ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းရှိ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာနိုင်မည့် ပြည်သူများအား စယ်လန့်ကျေးရွာအတွင်းသို့ ခေတ္တခိုလှုံနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ သွားလာဆောင်ရွက်နေစဉ် တအောင်းတပ်မတော် ( TNLA ) က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။
ထိုသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် ( TYN ) ၏ အဖွဲ့ဝင်ခေါင်းဆောင်တစ်ဦး ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် စယ်လန့် ကျေးရွာအုပ်စု အလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူး စိုင်းမောဝ်အွန် အား ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် ( SSPP / SSA ) မှ မူဆယ်မြို့နယ် မြို့နယ်မှူးနှင့် ၎င်း၏ လုံခြုံရေးတပ်သား ၇ ဦးက တအောင်းတပ်ဖွဲ့ ( TNLA ) ထံ အကျိုးကြောင်း သိရှိရန် နှင့် စစ်မှန်သော အပြစ်မဲ့ပြည်သူဖြစ်ကြောင်း သွားရောက်ဆွေးနွေးထောက်ခံနေချိန် တအောင်းတပ်ဖွဲ့ ( TNLA )က စစ်အင်အား ( ၁၀၀ ) ဝန်းကျင်ဖြင့် စတင်ပိတ်ဆို့ ဝိုင်းဝန်းပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း အနီးကပ်တိုက်ပွဲဖြစ်ပွားကာ နှစ်ဦးနှစ်ဖက် ထိခိုက်သေဆုံးမှုရှိကြောင်း SSPP / SSA ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ကျေးရွာအတွင်း၌ ရုန်းရင်းဆန်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သာလွန်တဲ့ အင်အားနှင့် ဝိုင်းရံထားသော တအောင်းတပ်ဖွဲ့ ( TNLA ) များကြား ပိတ်မိနေခဲ့တဲ့ SSPP မြို့နယ်မှူး နှင့် ရဲဘော် ( ၁ ) ဦးတို့အား စစ်သုံ့ပန်းအဖြစ် နောက်ဆုံးအဖမ်းခံလိုက်ပေမဲ့ ရွာလယ်ခေါင်တွင် အရှင်လတ်လတ် သတ်ခံခဲ့ရကြောင်း သိရပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် ( SSPP / SSA ) ဒုစစ်ဦးချုပ် စဝ်ငေါဝ်းဖ မှ စစ်သုံ့ပန်းကို လူသားခင်းစာနာမှုအနေဖြင့် လွှတ်ငြိမ်းချမ်းသာခွင့်ပေးရန် မေတ္တာရပ်ခံခဲ့သော်လည်း TNLA စစ်ဦးစီးချုပ် တာဟိုပရန် က အပြတ်ချေမှုန်းသွားရန် အမိန့်ချပြီး ဖြစ်ကြောင်းပြောကာ အဆက်သွယ်ဖြတ်တောက်လိုက်ကြောင်း ဆက်လက်ဖော်ပြထားပါတယ်။
နှစ်ဖက်တိုက်ပွဲ အတွင်း တအောင်းတပ်ဖွဲ့ ( TNLA ) ဘက်မှ ( ၅ ) ဦး ထပ်မနည်းသေဆုံးခဲ့ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် ( SSPP / SSA ) ဘက်က မြို့နယ်မှူး ( ၁ ) ဦး ၊ ရဲဘော် ( ၂ ) ဦး ကျဆုံးခဲ့ကာ အခြားရဲဘော်များ တိုက်ပွဲအတွင်း ပျောက်ဆုံးနေကြောင်းလည်း သိရပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် ( SSPP / SSA ) အတွင်းရှိ လူငယ်အဖွဲ့စည်းများ ၊ ပြင်ပမှ ရှမ်းလူငယ်အဖွဲ့အစည်းများက စစ်သုံ့ပန်းဉပဒေ မလိုက်နာကျင့်သုံးသော မည်သည့်စစ်တပ်ကိုမဆို ဆန့်ကျင်ကြောင်း နှင့် ကြွေလွင့်သွားသော ရဲဘော်များအတွက် နှမျှောတသ ဝမ်းနည်းကြေကွဲခဲ့ရကြောင်းကို မီးထွန်းပြီး ဆန္ဒ ဖော်ထုတ်ခဲ့ကြပါတယ်။