နိုဝင်ဘာလ ၁၃ရက်၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ထဲက ကျင်သီရွာမှာရှိတဲ့ ကျင်သီတံတား စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်တပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
သီပေါမြို့နယ်မှာရှိတဲ့ ကျင်သီတံတား စစ်ကောင်စီတပ်စခန်းနဲ့ ဘော်ကြိုရှိ စစ်ကောင်စီတပ်စခန်းတို့ ကို မြောက်ပိုင်းမဟာမိတ်တပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဘဲဖြစ်ပါတယ်။စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာ နေရာကို တစ်ရက်အတွင်း လက်နက်ကြီးနဲ့ အကြိမ်( ၁၇၀)ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု (၈)ကြိမ်နဲ့ ရော့ကတ်ဒုံးကျည် (၂၀)လုံး၊ လက်နက်ကြီးနဲ့ အကြိမ် (၄၀) ကျော် ဂုတ်တွင်းဘက်ကို ပစ်ခတ်တိုက်ခတ်ခဲ့ပါတယ်။
“တံတားကကျိုးကျသွားပြီ၊ သွားလို့မရတော့ဘူး။မနက်ကတည်းက သေနတ်ပစ်သံတွေကြားတယ်။ လက်နက်ကြီးကျလို့ အိမ်တစ်ချို့လည်း မီးလောင်ပျက်စီးသွားပြီ။ စစ်ကောင်စီတပ်ကလူတွေ ရွာထဲရောက်လာလို့ ကျင်သီရွာထဲက ဘုန်းကြီးကျောင်းထဲကို ပြေးလာတာ”လို့ ကျင်သီဒေသခံတစ်ဦးက ပြောပါတယ်။
ကျင်သီတံတားဟာ သီပေါ-ကျောက်မဲ လမ်းမကြီးပေါ်မှာတည်ရှိတဲ့ တံတားဖြစ်ပြီး သီပေါ-ကျောက်မဲမြို့ကို သွားလာရာမှာ မဖြစ်မနေသွားလာရတဲ့တံတားတစ်ခုလည်းဖြစ်ပါတယ်။