ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရေးပါဆုံးဖြစ်တဲ့ လားရှိုး – ချင်းရွှေဟော် ၊ လားရှိုး- မူဆယ် ပြည်ထောင်စုကားလမ်းမကြီး နှစ်ခုကို ကိုးကန့်တပ်ဖွဲ့ MNDAA က အရေးပေါ်ပိတ်ပင်လိုက်ကြောင်း ဒီကနေ့ မနက်က ထုတ်ပြန်ထားကြောင်း သိရပါတယ်။
ကိုးကန့်ဒေသအတွင်းရှိ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အထူးဒေသ ( ၁ ) စစ်ကောင်စီတပ်များကို အမြစ်ပြုတ်တိုက်ခိုက်ချေမှုန်းရန် အတွက်လည်းကောင်း ၊ လောက်ကိုင်မြို့နယ်ရှိ Online Game ( ကျားဖျင့် ) ကုမ္ပဏီများကို တိုက်ဖျက်ရှင်းလင်းရန်အတွက် လည်းကောင်း ၊ ၎င်း Online Game ( ကျားဖျင့် ) ကုမ္ပဏီများကို အကာကွယ်ပေးနေသော နောက်ကွယ်အင်အားစုတို့ လားရှိုးမှတစ်ဆင့် စစ်အင်အားတိုးချဲ့လာမည်ကို ဟန့်တားရန် အတွက်လည်းကောင်း ယခုအချိန်မှစပြီး လားရှိုး မှ ချင်းရွှေဟော် နှင့် လားရှိုး မှ မူဆယ် ပြည်ထောင်စုလမ်းမကြီးများကို အရေးပေါ်ပိတ်ပင်လိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် MNDAA တပ်မတော်အနေဖြင့် ဖော်ပြထားသော လမ်းမကြီး နှစ်ပိုင်းကို ၂၀၂၃ အောက်တိုဘာလ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီမှစပြီး အရေးပေါ်ပိတ်ပင်လိုက်ကြောင်း ၊ ၎င်းအချိန်အတွင်း မည်သည့်ယဉ်တန်းမှ မည်သည့်အကြောင်းပြချက်ဖြင့် ဖြတ်သန်းသွားလာခွင့်ပြုမည်မဟုတ်ကြောင်း ၊ လမ်းမကြီးအား ပြန်ဖွင့်မည့်ရက်စွဲအား ထပ်မံအကြောင်းကြားသွားပါမည် ဖြစ်ကြောင်း နှင့် ပြည်ထောင်စုလမ်းမကြီးကို အရေးပေါ်ပိတ်ပင်ထားသော အချိန်ကာလအတွင်း မိမိတို့၏အသိပေးမှုကို မလေးမစား ၊ မလိုက်နာဘဲ ဆက်လက်ဖြတ်သန်းသွားလာနေမည်ဆိုပါက ရန်သူ၏သယ်ယူပို့ဆောင်ရေးယဉ်အဖြစ်အမှတ်ယူပြီး ပြင်းထန်စွာတိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း လေးနက်စွာ ထုတ်ပြန်ကြေညာထားပါတယ်။
အလားတူ လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့တွင် ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၄နာရီ အချိန်မှစပြီး စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ ( MNDAA ) တို့ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ရာ တစ်မြို့လုံးနီးပါး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံတစ်ချို့မှာ တရုတ်ပြည်သို့ ဝင်ရောက်နိုင်ရန် စီစဉ်နေကြောင်းလည်း သိရပါတယ်။
လက်ရှိအခြေနေမှာတော့ ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်မတော် (MNDAA)တိုက်ခိုက်သိမ်းပိုက်ကာ ချင်းရွှေဟော်တစ်မြို့လုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီး လောက်ကိုင်တက်လမ်း ပါဆန်ကျော့ နှင့် ရာဘာခြံနားတစ်ဝိုက်လည်း တိုက်ခိုက် သိမ်းပိုက်ထားကြောင်းလည်း သိရပါတယ်။