လားရှိုးမြို့နယ် မိုင်းတိမ်ကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၃ ဦးသေဆုံး

Photo : Credit

နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၃

လားရှိုးမြို့နယ် ဝိန်းထင်အုပ်စု မိုင်းတိမ်ကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ တစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သည်ကို မသိရဘဲ မိုင်းတိမ်ကျေးရွာထဲ ကို နံနက်ပိုင်း ၇ နာရီဝန်းကျင်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ၁၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် ၆၀ အရွယ်အဖွားအို တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ၄၀ နှစ်အရွယ်အမျိုးသမီး တစ်ယောက် ခြေထောက်တစ်ဖက်ပြတ်သွားခဲ့ရတယ်လို့ သိရပါတယ်။

ထိုခြေပြတ်တဲ့ အမျိုးသမီးကို လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးရုံရောက်ရောက်ချင်းမှာပဲ သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

မိုင်းတိမ်ကျေးရွာဘုန်းကြီးကျောင်းထဲမှာလည်း မပေါက်ကွဲသေးသည့် လက်နက်ကြီး တစ်လုံးရှိသေးတယ် လို့ ဒေသခံတစ်ဦးထံမှ သိရှိရပါတယ်။

“ လက်နက်ကြီးက ဘယ်ကနေပစ်ပြီးကျလာသလဲတော့ မသိဘူး။ ရွာထဲက အမျိုးသမီး ၃ ဦးထိတယ်၊ အမျိုးသမီးငယ်တစ်ဦးနဲ့ အဖွားတော့ ပွဲချင်းပြီးသေတယ်၊ တစ်ယောက်က ခြေထောက်ပြတ်တယ်၊ လားရှိုး ဆေးရုံအရောက်မှာပဲ သေဆုံးသွားခဲ့တယ် ”လို့ ဆိုပါတယ်။

ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်နေ့က သိန္နီမြို့နယ် ကွန်ကောက်ကျေးရွာအပြန် နမ့်စလပ်အနီးမှာ စစ်ကောင်စီ က ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးကြောင့် အပြစ်မဲ့ပြည်သူများသေဆုံးရကာ ထောင်ချီသောင်းချီ စစ်ဘေးတိမ်း ရှောင်နေရပါတယ်။ ယခုဖြစ်စဉ်မှာလည်း မည်သည့်အဖွဲ့က ပစ်တယ်ဆိုတာကိုမသိရပဲ မည်သည့်အဖွဲ့အစည်းမှ တာဝန်ယူမှု တာဝန်ခံမှု မရှိတာကြောင့် ပြည်သူတွေဟာ ကူရာမဲ့ ဖြစ်နေပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img