နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်အုပ်စုမှာ ဒေသခံများက မပေါက်ကွဲသေးတဲ့ လက်လုပ် မိုင်း ၁၄ လုံးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ယမနေ့ နိုဝင်ဘာလ ၁၃ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ဒေသခံပြည်သူများက နမ့်ပေါင်ကျေးရွာအုပ်စု တိန်းခမ်းကျေးရွာ ရဲ့တောင်ဘက်မှာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်း ၁၄ လုံးတွေ့ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြား ထားလိုက်တယ်လို့ သိရပါတယ်။
နမ့်ပေါင်မှာ စစ်ကောင်စီတပ်ရှိနေပြီး မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး စတင် ကတည်းက နမ့်ပေါင်တပ်ကလည်း တိုက်ခိုက်ခံနေရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့တုန်းကတော့ မိုင်းတွေ့ရှိတဲ့ နားလေးမှာ ဆိုင်ကယ်နှစ်စီးနဲ့ အရပ်ဝတ် လူငယ် ၃ ယောက် အဲ့နားမှာ ဆိုင်ကယ်ရပ်နေကြတာ တွေ့လိုက်တယ်လို့ အမည်မဖော်လို့သူ ဒေသခံတစ်ဦးက ပြောထားပါတယ်။
“ ၁၁ ရက်နေ့တုန်းက ကျနော်အဲ့နားဖြတ်သွားတဲ့ချိန်မှာ လူငယ် ၃ ယောက် ဆိုင်ကယ်နှစ်စီးနဲ့ အဲ့နားမှာ ရပ် နေကြတာ တွေ့လိုက်တယ် ” လို့ ဆိုပါတယ်။ မည်သည့်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရပါဘူးလို့ ၎င်းက ဆိုပါတယ်။
လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်အပြင် တိုင်းရင်းသားတပ်ဖွဲ့ ပေါင်းစုံလှုပ်ရှားလျက် ရှိပြီး ၁၀၂၇ စစ်ဆင်ရေးစတင်ကတည်းက နမ့်ပေါင်မှာ စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်တို့ မကြာခဏတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။