နိုဝင်ဘာ ၂ ရက်၊ ၂၀၂၃
ပြင်ဦးလွင်နဲ့ နောင်ချိုကြားမှာ စစ်ကောင်စီတပ်နဲ့ မန္တလေး PDF – TNLA တို့ တိုက်ပွဲခဲ့ပြီး စစ်ကောင်စီက လေယာဉ်နဲ့ပါ ပစ်ကူနေရတယ်လို့ ဒေသခံများထံမှ သိရှိရပါတယ်။
ယနေ့နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်း ၄ နာရီလောက်မှာ ပြင်ဦးလွင်ကနေ ရှမ်းမြောက်ဘက်ကို စစ်ကူ လာတဲ့ စစ်ကောင်စီယာဉ်တန်းကို TNLA ပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြင်ဦးလွင်ကနေ ရှမ်းမြောက်ဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ပြင်ဦးလွင်နဲ့ နောင်ချိုကြားမှာရှိတဲ့ အုမ္မသီး ၊ အုမ္မခါးကျေးရွာ နားမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး အနီးနားကဒေသခံ ၅ ရွာလောက်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ အခုကရွာမှာ ဘယ်သူမှ မနေရဲတော့ဘူး။ အကုန်ပြေးနေရပြီ။ စစ်ကောင်စီကလည်း လေယာဉ်နဲ့ တောက်လျောက်ပစ်နေတာ ” လို့ ပြောပါတယ်။
ပြင်ဦးလွင်ကနေတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ သံချပ်ကာကား ၂ စီးအပါအဝင် အစီးရေ ၃၀ လောက်ရှိပြီး အင်အား ၁၅၀ လောက်ရှိမယ်လို့ ဆိုပါတယ်။
တိုက်ပွဲအပြီးမှာ မန္တလေး PDF က သံချပ်ကာကားတစ်စီးဖျက်ဆီးလိုက်ရပြီး လက်နက်တစ်ချို့သိမ်းဆီးရမိ တယ်လို့ ထုတ်ပြန်ထားပါတယ်။