နိုဝင်ဘာလ ၁၇ရက်၊၂၀၂၃
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ရွေးကော်ပွဲပြီးချိန်ကစတင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ် ခဲ့သည့် ကိုးကန့်ဒေသကို မြန်မာစစ်တပ်ကျောထောက်နောက်ခံပေးထားသည့် ကြံ့ခိုင်ရေးအမတ်များက အစဥ်အဆက် အုပ်ချုပ်ခဲ့ကြပါတယ်။
ကြံ့ခိုင်ရေးအမတ်များအုပ်ချုပ်တဲ့ ကိုးကန့်မြို့တော် လောက်ကိုင်ဟာ ကျားဖြန့် ခေါ် အွန်လိုင်းအခြေပြုလိမ်လည်တဲ့ ဂိုဏ်းတွေရဲ့ အချက်အခြာနေရာအဖြစ် တရုတ်အစိုးရက သတ်မှတ်ပြီး ရာဇဝတ်ဂိုဏ်းများကို ဖြိုခွင်းရန် ဖိအားပေးထားပါသေးတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်နွယ်ပြီး တရုတ်ဘက်ကရော စစ်ကောင်စီ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကိုးကန့်သူဌေး မြီရှောက်ချန်းဟာနိုဝင်ဘာလ ၁၆ ရက်နေ့က လောက်ကိုင်မြို့မှာ သေဆုံးသွားပြီလို့ သိရပါတယ်။ မြီရှောက်ချန်းဟာ ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်ရဲ့ တပည့်ဟောင်း တစ်ယောက်ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်း လည်းဖြစ်ပါတယ်။ ဦးမြင့်ဆွေဟာ ၄င်းအား ဝင်ရောက်ဖမ်းဆီးစဥ်မှာ ကိုယ့်ကိုယ်ကို ပစ္စတိုဖြင့် အဆုံးစီရင်လိုက်ခြင်း ဖြစ်ကြောင်း လောက်ကိုင် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကပြောပါတယ်။
မြီရှောက်ရှန်းရဲ့ အလောင်းကို အရေးပေါ်လူနာတင်ယာဥ်နဲ့ တင်ဆောင်လာခဲ့ပြီး ရန်လုံကျိုင်း နယ်စပ်မှာ တရုတ်ရဲတွေက စစ်ဆေးရုံသာစစ်ဆေးခဲ့ပြီး အလောင်းကိုတော့ ယူဆောင်သွားခြင်းမရှိ ခဲ့ဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်အမိန့်ဖြင့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌနေရာရလာသည့် ကြံ့ခိုင်ရေးအမတ် ဦးမြင့်ဆွေကိုလည်း ရာထူးမှ ဖယ်ရှား လိုက်ပြီး ဗိုလ်မှူးကြီး ထွန်းထွန်းမြင့်ဆိုသူကို ယာယီ အစားထိုးခန့်အပ်လိုက်ကြောင်း စစ်ကောင်စီက ကြေငြာလိုက်ပါပြီ။ စစ်ကောင်စီ ဝါဒဖြန့် channel တွေမှာတော့ ဦးမြင့်ဆွေဟာ ကိုးကန့်ဒေသတွင်း တရားမဝင် လုပ်ငန်းတွေနဲ့ ပက်သက်ဆက်နွယ်နေတာ၊ လုပ်ကိုင်ခွင့်ပေးထားတာကြောင့် ထုတ်ပယ်လိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။