နိုဝင်ဘာ ၃ ရက်၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာဒေသတွင်း တိုက်ပွဲ ဖြစ်ပွားတာတွေ မရှိဘဲ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ပြီး ကာလိုင်ရွာ အနီး တောင်ကြောကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာက ရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ကွတ်ခိုင်မြို့နယ်မှာ နိုဝင်ဘာ ၂ ရက်နေ့က လက်နက်ကြီး ထိမှန်လို့ ပြည်သူ ၂ ဦးသေဆုံးပြီး ကတုတ်ကျင်း ပြိုကျလို့ ပြည်သူ ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ညနေ ၂ နာရီခွဲ လောက်က ဂျက်ဖိုက်တာ တစ်စီးနဲ့ ၂ ခါ ကြဲသွားတယ်။ ကာလိုင်ဈေးရှေ့မှာ။ တစ်ခါကြဲရင် ၂ လုံးစီ။ ပြည်သူ တစ်ဦး သေတယ်” လို့ သူကပြောပါတယ်။
“လက်နက်ကြီး ပစ်သံ ၂ ချက် ကြားလိုက်တယ်။ အသက် ၅၈ နှစ်အရွယ် အမျိုးသမီး တစ်ယောက် နဖူးမှာ ထိသွားတယ်။ သေသွားတယ်” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ထပ်မံပြောပါတယ်။
ဒါ့အပြင် ကွတ်ခိုင်မြို့နယ် နမ့်ခွန်ရွာမှာ မနေ့ မနက် ၆ နာရီခန့်က ကတုတ်ကျင်း ပြိုကျပြီး ပိမိလို့ သားအမိ ၂ ဦး သေဆုံးသွားသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သားအမိ ၂ ဦး။ ကတုတ်ကျင်း ပြိုကျလို့ ပိမိပြီး သေသွားတာ။ သူတို့ ညမှာ သွားအိပ်ကြတာနေမယ်” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
ကွတ်ခိုင်မြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်နေ့က လက်နက်ကြီး ထိမှန်လို့ ဒေသခံ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။