ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ပိန်ဇီးပင်စခန်းရှိ ဧဒင် စားသောက်ဆိုင်ပျက်ဆီး၊ ပါပုတ်ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ပြီးသေဆုံး

Photo : Credit

နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းညီနောင်မဟာမိတ်တပ် တို့ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပါတယ်။

ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့လည်ပိုင်း ၁၂ ဝန်းကျင်က စပြီး စစ်ကောင်စီတပ်နှင့် ညီနောင်မဟာ မိတ်တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ဧဒင် စားသောက်ဆိုင်လက်နက်ကြီးထိမှန်ပြီး ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် နောင်ပိန်တိုက်နယ်ရှိ အရပ်သားပြည်သူ နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်ဆီးခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

စစ်ကောင်စီတိုက်လေယာဉ်မှ ကျဲချလိုက်သည့် လက်နက်ကြီးဟာ နောင်ပိန် ဇီးပင်စခန်းနှင့် ပင်တီးအကြားရှိ မြန်မာ- တရုတ်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၏ ဓာတ်အားတွန်းပို့ရုံအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အနီးနားရှိ နေအိမ် ၁၀ လုံးကျော်လောက် ပျက်ဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ဒီနေ့ နေ့လည် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တပ်တွေက တိုက်ပွဲပြင်းထန်ခဲ့ တာ၊ နောင်ပိန် ဂုတ်တွင်း တဝိုက်မှာ စစ်ကောင်စီက MI-35 အမျိုးအစား လေယာဉ်နှစ်စီးနဲ့ လိုက်လံဗုံးကျဲ နေတာပါ၊ ဧဒင်စားသောက်ဆိုင်အပြင် နေအိမ် ၁၀ လုံးကျော်လောက် ထိသွားတယ်၊ လူထိခိုက်မှု တော့ မရှိ ဘူး” လို့ ၎င်းက ဆိုပါတယ်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ကျောက်မဲမြို့အခြေစိုက် ခမရ-၅၀၂ နှင့် ညီနောင်မဟာမိတ်တပ် ဖွဲ့တို့ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့နယ် ပါပုတ်ကျေးရွာနေ အသက် ၄၀ အရွယ် စိုင်းထွန်းကျော်အား လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားခဲ့ ကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။

နောင်ချို-ကျောက်မဲကြားရှိ ဂုတ်တွင်းလမ်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် နောင်ပိန်တိုက်နယ် အတွင်း စစ်ဘေးရှောင်ဦးရေ ၁၅၀၀ ကျော်ရှိပြီး နီးစပ်ရာ ကျေးရွာဘုန်းကြီးကျောင်းမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img