အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လားရှိုးမြို့သို့ ရောက်ရှိပြီး မြို့အဝင်အထွက် စစ်ဆေးမှု တင်းကျပ်

စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၃

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိနေတာကြောင့် မြို့အဝင်အထွက်တွေ စစ်ဆေးမှုတင်းကျပ်နေလို့ ဒေသခံတွေက အခက်ကြုံနေ ရပါတယ်။

စစ်ခေါင်းဆောင်က လားရှိုးမြို့သို့ စက်တင်ဘာ ၈ ရက် ညနေမှာ လေယာဉ်နဲ့ ရောက်ရှိလာတာဖြစ်ပြီး ရှမ်းမြောက်တစ်ခွင်ရှိ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို မြို့တော်ခန်းမမှာ အစည်းအဝေး ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတစ်ဦး၏ ပြောကြားချက်အရသိရပါတယ်။

“ အစည်းအဝေးကတော့ ၁ နာရီကျော်ကျော်လောက်ပါပဲ၊ ယမနေ့က မြို့တော်ခန်းမ တဝိုက်က လမ်းတွေကို အကုန်ပိတ်ထားတာ၊ အစည်းဝေးပြီးတော့ ကုန်စည်ပြပွဲလုပ်သေးတယ်၊ အဲ့ဒီကုန်စည်ပြပွဲမှာ တပ်မိသားစု ဝင်တွေကို လာရောင်းခိုင်းတယ်လို့ ကြားရတယ် ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီခေါင်းဆောင် ရောက်ရှိလာလို့ မြို့အဝင်အထွက် ပိတ်မယ်ဆိုတာ ကြိုတင်ပြောဆိုတာ မရှိတာကြောင့် ခရီးသွားလာသူတွေကို အခက်တွေ့စေခဲ့ပါတယ်။

“ မြို့ဝင်ဂိတ်ကိုသွားတော့ မနက်ဖြန်ပြန် ဖွင့်ပေးမယ် ပြောတယ်။ လမ်းထောင့်တိုင်းမှာလည်း ရဲ နဲ့ စစ်သားတွေ ညဉ့်နက်ထိ စောင့်နေတယ်။ မနေ့ညကတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမှတ် (၃၄၆) အမြောက်တပ်မှာ နားတယ် ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လားရှိုးကနေ ယမနေ့က ပြန်ထွက်မယ်လို့ ပြောဆိုကြပေမယ့် ယနေ့ စက်တင်ဘာ ၁၀ ရက် ၁၀ နာရီ ဝန်းကျင်မှာ မန်ဆူဘုန်းကြီးကျောင်းနား တဝိုက်မှာ လုံခြုံရေး တင်းကျပ်ပြီး လမ်းကြိုလမ်းကြား တွေကအစ လုံခြုံရေးတွေယူနေတယ်လို့ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါတယ်။

Photo : Credit

#shanstatechannel

#Lashio

#စစ်ကောင်စီ

Latest articles

spot_imgspot_img

Related articles

spot_imgspot_img