အောက်တိုဘာ ၁ရက်၊၂၀၂၃
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်မှ ကိုယ်ဝန် ၃လ လွယ်ထားသော အမျိုးသမီးတစ်ဦးအား အာဏာသိမ်း စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားရာ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ထိုအမျိုးသမီးက ကိုယ်ဝန်ပျက်ကျခဲ့ရကြောင်း သိရပါတယ်။
ဖမ်းဆီးခံရသော အမျိုးသမီးဟာ ၎င်း၏ အမျိုးသားကို PDF တပ်ဖွဲ့ဝင် ဟု စွပ်စွဲပြီး ထိုအမျိုးသားကို ဝင်ရောက်ဖမ်းဆီးချိန် မရှိထားတဲ့ အတွက်ကြောင့် သူမ ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
“ စစ်တပ်က ကား ၃ စီးနဲ့ လာဖမ်းပြီး ရွာငံရဲစခန်းကို တစ်ညအကြာ ဖမ်းခေါ်သွားတယ် ၊ နောက်တစ်ရက်ပြန်လွှတ်လာတော့ မိန်းကလေးက ကိုယ်ဝန်ပျက်ကျသွားပြီတဲ့ ၊ ကြည့်ရတာတော့ မေးမြန်းနှိပ်စက်ကြတာနေမှာ ၊ သူတို့က စစ်ရှောင်တွေပါပဲ ၊ စစ်တပ်က ပြီးခဲ့နှစ်တွေကတည်းက လူတွေကို ရမ်းသမ်းဖမ်းတာ ၊ ခေါင်းစဉ်တပ်ဖမ်းတာ ၊ သတ်ဖြတ်တာတွေလုပ်ကြတော့ ဒေသခံတွေက ရှောင်ပြေးကြတော့တာပါပဲ ၊ ရွာတွေမှာဆို အများအားဖြင့် မိန်းကလေး နဲ့ သက်ကြီးရွယ်အို တွေပဲ ကျန်ရှိကြတော့တာ ၊ မိန်းကလေးကတော့ ရွာငံ ကနေ ပင်းတယ ဆေးရုံရောက်နေပါပြီ “ ဟု ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီ နဲ့ ပျူစောထီး မှ ပြီးခဲ့တဲ့နှစ်တုံးက ထိုဒေသမှ ရွာခံတွေကို မည်သည့်အဖွဲ့စည်းနှင့် ပက်သက်မှု မရှိပဲ ဒေသခံ ၉ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သောကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရပါတယ်။
Credit – photo