ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ ကနေစပြီး မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာဒေသအများအပြား တောင်ကျချောင်းရေ ၊ ရေကြီးရေလျှံ မှုများကြောင့် လူနေအိမ်အဆောက်အဦး ၊ တောင်ယာလယ်မြေ များစွာ ပျက်စီးလျက်ရှိပြီး လူသေဆုံးမှုများရှိကြောင်းလည်း သိရပါတယ်။
လားရှိုးဒေသခံတစ်ဦးက – “ ဒီရက်ပိုင်းအတွင်း မိုးရွာတာကလည်း အဆက်မပြတ်ဘဲ အဲ့တာကြောင့် ရပ်ကွက် ၆ ၊ ၇ ၊ ၈ နဲ့ ၁၂ ထိတို့အခုထိရေကိုမကျသေးဘူး ၊ တစ်ချို့ဆို အခုထိ အိမ်ထဲရေဝင်တာ မကျသေးဘဲ အခုရက်ပိုင်း မိုးပြန်ရွာလို့ အိမ်ထဲမှာဆို ဒူးနားထိတောင်ရောက်တယ် ၊ ပြီးခဲ့တဲ့ ၁ပတ် ၂ ပတ် တုံးကလည်း မိုးသည်းထန်စွာ ရွာလို့ အုတ်တံတိုင်း ပွင့်ထွက်သွားတာတွေ ၊ အိမ်နံရံတွေ ပြိုကျပြီး လူပိ ပြီးသေဆုံးမှုတွေလည်းရှိပါတယ် ၊ “ ဟု သိရပါတယ်။
နမ္မတူဒေသခံတစ်ဦးက – “ ရေကြီးရေလျှံတာကတော့ ပြီးခဲ့တဲ့ ၁၂ ရက်နေ့ နေ့လည်လောက်ကစ သိသိသာသာ ရေတက်လာတာ ၊ ရပ်ကွက် ၄ ဘက်က အိမ်တွေဆို နေအိမ်ထဲထိရေတွင်တယ် ၊ ပန်ဟိုက်နဲ့ ရပ်ကွက် ၁၀ က တံတားလည်း ရေနှစ်စပြုနေပြီ ၊ နမ္မတူကနေ မိုင်းဘော် ပြန်တဲ့လမ်းက တံတား ၃ ခုလည်း ရေစီးထဲမြောပါသွားပြီ ၊ ဒီ နမ္မတူမြို့နယ်ထဲကပဲ မိုင်းရင်ကျေးရွာ ၊ ဟော်နားကျေးရွာ တွေမှာလည်း ရေကြီးရေလျှံလို့ လယ်ဧက ၅၀၀ နီးပါးပျက်စီး ဆုံးရှုံးသွားတယ် ၊ စပါးက ရိတ်လို့ရခါနီးပြီလို့ ကြားတယ်၊ နမ္မတူ – လားရှိုးကားလမ်းဘေးရှိ နားကျိုင်းရွာကဆို မြေပြိုမှုကြောင့် လူနေအိမ်တစ်အိမ်က ဦးလေးတစ်ယောက် သေဆုံးပြီး အဒေါ်တစ်ယောက်က ခါးရိုးကျိုးသွားတယ်လို့ကြားတယ် “ လို့ သိရပါတယ်။
သီပေါမြို့တွင်လည်း ဒုဌဝတီမြစ်ရေကြီးမှုကြောင့် ကမ်းဘေးတစ်လျောက်နေအိမ်များရေများ နှစ်မြှုပ်လျက်ရှိပြီး စျေးရပ်ကွက် နှင့် လူနေအိမ်တစ်ချို့ မြို့လည်ဓမ္မာရုံ သို့ ပြောင်းရွေ့နေထိုင်နေရကြောင်း သိရပါတယ်။