ရှမ်းပြည်နယ် မြောက်ပိုင်း ၊မူဆယ်မြို့နယ် ခူးဝိန်းကျေးရွာအနီး နမ့်ပေါ်ရေကာတာ တံတားပေါ်တွင် ထောင်ထားခဲ့သည့် TNLA ရဲ့ ဖျက်အားပြင်းမိုင်းတွေဟာ ယနေ့ထိ ပြန်မဖြုတ်ပေးတဲ့အတွက်ကြောင့် ဒေသခံတွေက အသွားအလာ အခက်ခဲကြုံနေတာ ဖြစ်ပါတယ်။
အဆိုပါ တံတားပေါ်က မိုင်းဟာ TNLAဘက်က လာထောင်ထားတာဖြစ်ပြီး တစ်ဖက်သုံးလုံးစီနဲ့ အားလုံးပေါင်း ၆ လုံးလာထောင်ထားတယ်လို့ ဒေသခံက ပြောပါတယ်။
“ သူတို့မိုင်းလာထောင်တဲ့ရက်တော့ မသိဘူး၊ လာထောင်ထားတာကတော့ စယ်လန့်မှာ တိုက်ပွဲဖြစ်က တည်းက လာထောင်ထားတာ၊ ၆ လုံးလာထောင်ထားတာ ယခုထိလာမဖြုတ်သေးဘူး၊ ကျနော်တို့ဒေသခံ တွေက အခက်ကြုံနေရတာ ” လို့ ဒေသခံက ပြောပါတယ်။
TNLA နဲ့ စစ်ကောင်စီတို့ဟာ မူဆယ်မြို့နယ်ထဲမှာ စက်တင်ဘာလကတည်းက တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား ပြီး ယခု အောက်တိုဘာလ ထဲမှာလည်း ရံဖန်ရံခါ တိုက်ပွဲဖြစ်ပွားနေသေးတာ ဖြစ်ပါတယ်။