စက်တင်ဘာ ၁၅ ရက်၊ ၂၀၂၃
၁၃/၀၉/၂၀၂၃ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ TNLA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်အပြီး စစ်ဒဏ်ခံရတဲ့ စယ်လန့်ကျေးရွာအုပ်စုနှင့် နောင်လောင်းကျေးရွာအုပ်စုတွေမှာ တအာင်းတပ်မတော် TNLA က ဆက်ကြေးအဆမတန် ကောက်ခံနေတဲ့ အတွက်ကြောင့် ဒေသခံများက အခက်ကြုံနေရပါတယ်။
စယ်လန့်ကျေးရွာအုပ်စု နှင့် နောင်လောင်းကျေးရွာအုပ်စု တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက TNLA တပ်သားတွေဟာ ကျေးရွာထဲကို ကွမ်းယာဆိုင်ကစ စက်ပစ္စည်းဆိုင်အထိ အခွန်ကဒ်တွေလိုက်ဝေပေးပြီး ကဒ်ရတဲ့ အိမ်တွေကို အခွန်လာဆောင်ခိုင်းနေတယ်လို့ ဒေသခံတစ်ဦးထံမှ သိရပါတယ်။
“ ပြီးခဲ့တဲ့ ၁၃/၀၉/၂၀၂၃ ရက်ပိုင်းမှာ TNLA တပ်သားတွေက ကဒ်တွေလိုက်ပေးတယ်၊ ကဒ်ရတဲ့ အိမ်တွေ ဆိုင်တွေကို သူတို့ဆီမှာ အခွန်လာဆောင်ခိုင်းတယ်၊ ပျက်ကွက်ခဲ့ရင် အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်၊ အခွန်ကောက်တာ ကလည်း ကွမ်းယာဆိုင်တွေ၊ စတိုးဆိုင်တွေ၊ စက်ပစ္စည်းဆိုင်တွေရော၊ ဆောက်လက်စ အိမ်တွေရော၊ ဆောက်ပြီးသား ၂ ထပ် ၃ ထပ်အိမ်တွေပါ အခွန်ကောက်နေတာ၊ ကိုယ့်ပိုက်ဆံနဲ့ အိမ်ဆောက်တာကို အခွန်ကောက်တဲ့ အဖွဲ့ဆိုလို့ TNLA အဖွဲ့နဲ့မှ ကြုံဖူးတာ” လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုပါတယ်။
အခွန်ကောက်ရာမှာ တချို့ဆောက်လက်စ အိမ်တွေ ၊ ၂ ထပ် ၃ ထပ်အိမ်တွေကို ၅ သိန်းအထက်တောင်း ခံနေပြီး တချို့အိမ်တွေလည်းဆောင်ခဲ့ရပြီ၊ တချို့တော့ မဆောင်ရသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် မူဆယ်-လားရှိုးဘက်ဆွဲတဲ့ လိုင်းကားဆရာတွေဆိုလည်း ကားသော့၊ အုံနာဘုတ်တွေ ယူထားပြီး သူတို့ရှိရာ နမ့်အွမ်အုပ်စုက ဆွန်လုံကျေးရွာ မှာ အခွန်သွားဆောင်ခိုင်းတာ ဖြစ်ပါတယ်။
အလားတူ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကလည်း မူဆယ် ကနေ လားရှိုးဘက် ဆင်းမယ့် ကား ဆရာတွေကို တားပြီး အခွန်ဆောင်ခိုင်းတာတွေလည်း ရှိပါတယ်။
TNLA ဟာ စစ်ကောင်စီနဲ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် သူတို့ လှုပ်ရှားရာနယ်မြေတွေမှာ အခွန်တွေ အဆမတန် ကောက်ခံနေတဲ့ အတွက်ကြောင့် ဒေသခံတွေ အခက်ကြုံနေရပါတယ်။
Credit – photo