ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ ၂၀၂၃ ညနေပိုင်း ၄ : ၃၀ အချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ် မိုင်းအွတ်ကျေးရွာအုပ်စု ဟိုနမ့်ကျေးရွာစာသင်ကျောင်းတွင် စာသင်ကြားပေးနေသော ဆရာမ နန်းနွန်းက အသက် ၇ နှစ်အရွယ်ကျောင်းသူလေး တစ်ဦးကို ပြင်းထန်စွာ ရိုက်နှက်မှုကြောင့် ဆေးရုံတက်ရသည်အထိ ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။
ကျောင်းသားမိဘတစ်ဦးက “ ဆရာမက ဒီကျောင်းသူလေး စာမလိုက်နိုင်လို့ရိုက်တာလို့ကြားတယ် ၊ တစ်ချို့ကြတော့ ရိုက်တာတင်မကဘဲ ခြေထောက်နဲ့ကန်တယ် ၊ လက်သီးနဲ့ခေါင်းကို ထိုးတယ် မျက်နှာကိုထိုး တယ် ၊ မထနိုင်တဲ့ထိ လုပ်တယ်လို့တော့ကြားတယ် ၊ ကလေးမလေးကိုတော့ မိုင်းရှူးပြည်သူ့ဆေးရုံ မှာတစ်ည ကုသတယ် ဒဏ်ရာကပြင်းတော့ နောက်တစ်ရက်မှာပဲ ခိုလမ်ဆေးရုံ ကိုပို့ပြီး ကုရတယ် “ လို့ သိရပါတယ်။
ထို အသက် ၇ နှစ်အရွယ်ကျောင်းသူလေးမှာ နန်းငင်းနုမ် လို့ သိရပြီး ထိုကျောင်းသူလေးမှာ တောင်ရိုးကျေးရွာအုပ်စု ဟိုနမ့်ကျေးရွာ ( မြောက်ပိုင်း ) ကနေ မိုင်းအွတ်ကျေးရွာအုပ်စု ဟိုနမ့်ကျေးရွာ စာသင်ကျောင်းထိ လာရောက် ပညာသင်ကြားနေရကြောင်း သိရပါတယ်။
ဒေသခံတစ်ဦးက “ အခုတော့ ဆရာမ နန်းနွန်းကို မိုင်းရှူးပညာရေးမှုးက ခေါ်ယူ စစ်ဆေးမေးမြန်းနေတယ် ၊ ကျောင်းသူလေး ကတော့ ခိုလမ်ဆေးရုံမှာ အတွင်းပိုင်း သွေးခဲ နေတာကို ခွဲစိတ်ကုသနေတယ် ၊အကယ်၍ ကျောင်းသူကလေးတစ်စုံတစ်ခုဖြစ်ခဲ့ရင် ဆရာမ ကို တာဝန်ကနေရပ်နားပြီး ပြစ်ဒဏ်အဖြစ် ထောင် တသက်တစ်ကျွန်းကျခံရမယ် ဒါမှမဟုတ် ကြီးမားတဲ့ပြစ်ဒဏ်ခံယူရမယ် ၊ အခုချိန်ကနေစပြီး ကျောင်းသူလေးရဲ့ ဆေးကုသမှုကုန်ကျစရိတ် အားလုံးကို ကျခံရမယ်လို့ ပြောဆိုသံကြားတယ် “ ဟု ဆိုပါတယ်။
ဆရာမ နန်းနွန်းကိုတော့ ပညာရေးမှုး ဘက်မှ စစ်ဆေးမေးမြန်းမှုပြုလုပ်ခဲ့ပြီး မိုင်းအွတ်ကျေးရွာအုပ်စု ဟိုနမ့်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်းသိရပါတယ်။