စက်တင်ဘာ ၇ရက်၊ ၂၀၂၃
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ရက်နေ့၊ နံနက် ၇ နာရီလောက်က ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု၊ ကုန်းဆာကျေးရွာနေ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်အကျဥ်းမှာ ကုန်းဆာကျေးရွာနေ နန်းဟွမ် ဆိုသူမှ တုံလောကျေးရွာရှိ အသုဘတစ်ခုမှ နေအိမ်သို့အပြန် ကုန်းဆာ- တိဆော့ကျေးရွာလမ်းခွဲ နမ့်ကုတ်တံတားအနီးက ပြောင်းခြံထဲကနေ အမည်မသိ အမျိုးသားတစ်ဦး ထွက်လာပြီး သူမအားဆွဲခေါ်ရိုက်နှက်ခဲ့တယ်လို့သိရပါတယ်။
“ကျွန်မကတစ်ယောက်တည်း ပြန်လာတာလေ၊ တံတားနားကပြောင်းဖူးခြံကိုရောက်တော့ သူကပြောင်းဖူးခြံထဲကနေ ပြေးထွက်လာပြီး ကျွန်မဆိုင်ကယ်ကိုဝင်တားတာပေါ့၊ ကျွန်မဆိုင်ကယ်ကို ရပ်လည်းရပ်ရော ကျွန်မလည်းပင်းကို အတင်းဖက်ပြီး ဆိုင်ကယ်ပေါ်ကနေတန်းဆွဲချတာ၊ တံတားမြောက်ဘက်က ရေစပ်အထိ တရွတ်တိုက်ဆွဲခေါ်သွားတာ၊ အဲ့မှာ ကျွန်မကို လည်ပင်းလည်းညစ်၊ ဒီရင်ဘတ်တွေ မှေးစေ့ကိုလည်း လက်သီးနဲ့ထိုးတာ၊ အဲ့ဒီနောက်တော့ ကျွန်မလည်းမေ့လဲသွားပြီး ဘာမှမသိ တော့ဘူး” လို့ နန်းဟွမ်က ပြောပါတယ်။
အဆိုပါ လုယက်ခံရမှုမှာ 125 R ဆိုင်ကယ်တစ်စီး၊ရွှေနားကပ်တစ်ရံနဲ့ ငွေ ၁၉၀,၀၀၀ ခန့် ပါသွားတယ်လို့ သိရပါတယ်။ လုယက်သူကို သက်ဆိုင်ရာတွေက လိုက်လံစုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Credit – photo