ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်ရှိ ပအိုဝ်းကျေးတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ရုံးစရိတ်နဲ့ စစ်ဖိနပ်ဖိုး ဆိုပြီး ဆက်ကြေး မကြာခဏ ကောက်ခံနေတယ်လို့ လွိုင်လင် ဒေသခံတွေကတဆင့် သိရပါတယ်။
နွေဦးတော်လှန်ရေးမှာ PNO ပြည်သူ့စစ်ဟာ အာဏာသိမ်း စစ်တပ်ရဲ့ လက်ကိုင်တုတ် ဖြစ်လာပြီး စစ်ရေး အကြောင်းပြကာ ဒေသခံ ပြည်သူတွေကို စစ်သား စုဆောင်းတာ၊ ဆက်ကြေး ကောက်ခံတာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ယခုဆက်ကြေးကောက်တဲ့ ရွာတွေဟာ လွိုင်လင်မြို့နယ် အင်ချစ်၊ နောင်နိမ်း၊ လွယ်ခွင်၊ ပန်းတိုင် စတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
အဲ့ဒီလို ကောက်ခံရာမှာ တစ်ရွာနဲ့ တစ်ရွာ ကောက်ခံတဲ့ ပမာဏ မတူသလို လစဉ်ကောက်ခံတာ မျိုးလည်းမဟုတ်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
“ဒီတစ်ခေါက် ငွေတောင်းတာ သူတို့ပြောတာတော့ ရုံးအသုံးစရိတ်၊ စစ်ဖိနပ်ဖိုးနဲ့ လုံခြုံရေး ခရီးစဉ်တွေရဲ့ စရိတ်လို့ ပြောတာပေါ့။ တစ်အိမ် ၄,၀၀၀ တဲ့။ ပအိုဝ်းတွေ အများစုဖြစ်တဲ့ ကျေးရွာအုပ်စုတွေကို ကောက်တာ။ PNO ရဲ့ တိုက်နယ် အုပ်ချုပ်ရေးမှူးတွေကနေ တစ်ဆင့် ကောက်တာ” လို့ လွိုင်လင် ဒေသခံ တစ်ဦးက ပြောပါတယ်။
လွိုင်လင်မြို့နယ်မှာ မီဒီယာနဲ့ တက်ကြွလှုပ်ရှားသူတွေ မရှိတာကြောင့် PNO ပြည်သူ့စစ်က အခုလို ဖိနှိပ်မှုတွေက ပြောင်ပြောင်တင်းတင်း လုပ်နေတာလို့လည်း သူက ဆက်ပြောပါတယ်။
“လတိုင်းလိုလိုတော့ ကောက်တာပဲ။ တစ်ခါတစ်လေ တစ်ချို့လတွေကျတော့ မကောက်ဘူးပေါ့။ သူတို့ ကောက်ချင်တဲ့ အချိန် ကောက်တာပဲ။ အခုဆို သူတို့က စစ်ကောင်စီခေါ်လို့ လဲချားမြို့နယ်ထဲက နမ့်တိန်ချောင်း ဘက်မှာ လုံခြုံရေး သွားယူရတာလေ။ အဲ့ဒါတွေကြောင့်လည်း အခုလိုမျိုး ငွေကောက်တာ နေမှာပေါ့။ အရင် နှစ်လလောက်ကမှ ရုံးစရိတ်နဲ့ လုံခြုံရေးကြေးက ၄,၀၀၀ နဲ့ စစ်ဖိနပ်ဖိုး ၂,၀၀၀ ဆိုပြီး တစ်ခါကောက်ပြီးပြီ။ အခုက ထပ်ကောက်တာ” လို့ နောက်ထပ် လွိုင်လင် ဒေသခံ တစ်ဦးက ပြောပါတယ်။
လွိုင်လင်မြို့နယ်က ကျေးရွာတွေ တစ်ရွာကို တပ်သားသစ် ၁၀ ဦး ပေးရမယ်လို့ ပြီးခဲ့တဲ့ ဧပြီလမှာ PNO ပြည်သူ့စစ်က စစ်ကောင်စီအတွက် တပ်သားသစ် စုဆောင်းလို့ ကျေးရွာနေ လူငယ် အများစု ထိုင်းဘက် ထွက်ခွါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။