စက်တင်ဘာ ၂၈ရက်၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မန်နိမ်းအွမ် ကျေးရွာအုပ်စု၊ ငေါ့ငါးရွာမှာ တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲခန့်မှာ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရှိရပါတယ်။
စစ်ကောင်စီဟာ စက်တင်ဘာ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၇ မိနစ်မှာ ဂျက်ဖိုက်တာ တစ်စီးနဲ့ ငေါ့ငါးကျေးရွာ ဝန်းကျင်ကို ပေါင် ၅၀၀ ဖျက်အားပြင်း ဗုံးတစ်လုံးနဲ့ ရိုးရိုးဗုံး ၃ လုံး ဗုံးကြဲခဲ့တာလို့ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
“တခြား ပြည်သူတွေ၊ လူ၊ တိရိစ္ဆာန် အထိအခိုက် မသိရသေးပါဘူး” လို့ TNLA ဘက်က ပြောပါတယ်။
ဒါ့အပြင် ငေါ့ငါးကျေးရွာနဲ့ ပန်နွဲ့ရွာ ဝန်းကျင်မှာ တိုက်ပွဲ မဖြစ်ဘဲ ယမန်နေ့ မနက် ၁၀ နာရီခန့်ကနေ မွန်းလွဲ ၂ နာရီခန့်အထိ နမ့်ဖက်ကာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ၃၄ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၂၅ ရက်နေ့၊ ည ၁၀ ခွဲခန့်ကလည်း TNLA တပ်မဟာ (၁) လွယ်မောက် တပ်စခန်းကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့လို့ တပ်စခန်းက အဆောက်အအုံ တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
Credit – photo