ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ နတ်ဆေးရေဆိုပြီး နာမည်ကြီးနေတဲ့ တောင်ကျချောင်းရေကို အလုအယက်သွားချိုးနေကြတာကြောင့် အမျိုးသမီးတစ်ဦး ကျောက်တုံးပေါ်မှ ပြုတ်ကျသေဆုံးခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။
ကျောက်မဲမြို့နယ်၊ ကျောက်မဲ – မိုင်းငေါ့လမ်း နမ့်မန်းရွာအနီးမှာရှိတဲ့ တောင်ကျရေတစ်ခုကို နတ်ရေစင် ဟုဆိုကာ လူအများသွားရောက်စုဝေးပြီး ရေချိုးလျက်ရှိကြပါတယ်။ အဆိုပါ တောင်ကျရေမှာ ရေလာချိုးသူတွေနဲ့ ပြည့်နှက်နေပြီး မနေ့က (Oct 17)မှာတော့ အသက် ၄၅ နှစ်အရွယ် ဒေါ်မြထွန်း ဆိုသူ အမျိုးသမီးတစ်ဦး ကျောက်တုံးပေါ်မှ ပြုတ်ကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ Oct 14ရက်နေ့က လေဖြတ်ဝေဒနာခံစားနေရတဲ့ မိုင်းငေါ့ဒေသခံ အမျိုးသမီးတစ်ဦး တောင်ကျရေသွားချိုးရာမှရောဂါပျောက်ကင်းသွားတယ်ဆိုတဲ့ သတင်းပြန့်နှံ့သွားပြီးနောက် အခုလို ရေလာချိုးသူတွေ များပြားလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ရေလာချိုးသူများမှာ သက်ကြီးပိုင်းလူကြီးတွေနဲ့ ကလေးသူငယ်တွေဖြစ်ပြီး အယုံလွယ်တဲ့ဒေသခံပြည်သူ အများစု ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါတောင်ကျရေချိုးပြီး လေဖြန်းသွားတဲ့သက်ကြီးရွယ်အိုတွေ အများအပြားရှိနေသော်လည်း ဒီကနေ့အချိန်ထိ ရေလာချိုးသူတွေရှိနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ ထိုလူသေမှုဖြစ်ပြီးနောက်မှာတော့ ရေလာချိုးသူနည်းပါးသွားသော်လည်း စည်ကားလျက်ရှိနေဆဲဖြစ်တာကြောင့် စျေးလာရောင်းသူတွေရှိနေပြီး ဒေသခံအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေကတော့ ပြောပါတယ်။
ကျောက်မဲမှတောင်ကျရေအား နတ်ဆေးရေဟုဆိုကာ အလုအယက်ရေသွားချိုးသူများထဲမှ အမျိုးသမီးတစ်ဦး ကျောက်တုံးပေါ်မှ ပြုတ်ကျသေဆုံး
Related articles