ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ကချင်ပြည်နယ် ဗန်းမော် – မြစ်ကြီးနား ကားလမ်းမပေါ်ရှိ ဒေါ့ဖုန်းယန်မြို့ အနီးက လုံဂျုံရွာကို အာဏာသိမ်းစစ်ကောင်စီက ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်တွင် မီးရှို့ဖျက်ဆီး ခဲ့ကြောင်းသိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီ ခမရ ( ၄၁၅ ) စစ်ကြောင်းက ညနေ ၄ နာရီ ဝန်းကျင်ခန့်မှာ လုံဂျုံရွာ အတွင်းရှိ ဘုရားကျောင်းအပါအဝင် အိမ်ခြေပေါင်း ၁၄ အိမ်ကို တစ်အိမ်တက်တစ်အိမ်ဆင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံများ အကူညီလိုအပ်နေကြောင်း သိရပါတယ်။
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစ၍ စစ်ကောင်စီတပ် နဲ့ KIA တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ရာ ဗန်းမော် – မြစ်ကြီးနား လမ်းတစ်ဝိုက် စစ်ကောင်စီမှ အင်အားဖြည့်ထိုးစစ်ဆင်ကာ နေ့စဉ်တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ် ခမရ ( ၄၁၅ ) စစ်ကြောင်းက ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံများရဲ့ နေအိမ်အဆောက်ဦးအတွင်းရှိ စားနပ်ရိက္ခာ နဲ့ ကြက် ၊ ဝက် တွေကိုလည်း သတ်ဖြတ်စားသုံးပြီး အိမ်ကို မီးရှို့ဖျက်ဆီးသွားကြောင်းလည်း သိရပါတယ်။
ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံတစ်ဦးက – “ ကျွန်တော်တို့ ရွာကလူတွေက စစ်တပ်က ရွာထဲစစ်ကြောင်းထိုးဝင်လာပြီလို့ ကြားတာနဲ့ ကြောက်လို့ တိမ်းရှောင်ကြတာ ၊ ရွာသားတွေ မွေးထားတဲ့ အိမ်မွေးတရိစ္ဆာန်တွေကိုလည်း သတ်စားသွားတယ် ၊ တစ်ရွာလုံးမှာ ၁၂ အိမ်ကို မီးရှို့ဖျက်ဆီးသွားတယ် ၊ ကျွန်တော်ဆို အိမ်ဆောက်ပြီးတာ မကြာသေးဘူး မီးရှို့သွားလို့ ဘာမှကိုမကျန်တော့ဘူး “ လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းမှာလည်း မိုးမောက်မြို့နယ် လိုင်လွမ်အောင်ဂျာ အနီးတစ်ဝိုက်မှာ ပိတ်မိနေသော စစ်ကောင်စီတပ်ကို လေယာဉ်နဲ့ လာချပေးတဲ့ ထောက်ပို့ ပစ္စည်းတစ်ချို့ကို KIA ဘက်မှ သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရပါတယ်။