စက်တင်ဘာ ၂ရက်၊ ၂၀၂၃
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)လက်အောက်ခံ နဂါးနီတပ်ခွဲ ခေါင်းဆောင် ဗိုလ်ယက္ခ ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်၊ ညနေ ၄ နာရီခန့်မှာ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
အခုလို အဆုံးစီရင်သွားတာဟာ ဗိုလ်ယက္ခ အနေနဲ့ လွန်ခဲ့တဲ့ ဆယ်ရက်ကျော်ခန့်က ခြောက်ရက်ဆက်တိုက် စစ်ဆင်ရေးပြုလုပ်ရပြီး ပင်ပန်းလွန်းတာကြောင့် စိတ်မတည်မငြိမ်ဖြစ်ကာ အခုလို လုပ်ဆောင်သွားတာလို့ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်လက်ယာ ကပြောပါတယ်။
“ အကြွေးမဆပ်နိုင်လို့ မဟုတ်ပါဘူး။ လေးငါးခြောက်ရက်လောက် စစ်ကြောင်းကို ထမင်းငတ် အိပ်ရေးပျက်ခံပြီး စောင့်ပြီး ပြန်လာတော့ ရဲဘော်တွေကို စိတ်တိုင်းမကျတော့ သူလုပ်သလို မလုပ်နိုင်လို့ စိတ်မတည်ငြိမ်တာလည်း ပါတာပေါ့။ အိပ်ရေးပျက်တော့ အဲ့တာကြောင့် အခုလိုသွားတာ “ လို့ ဗိုလ်လက်ယာက ဆိုပါတယ်။
ဗိုလ်ယက္ခဟာ မြိုင်မြို့နယ်က ပျူစောထီးကျေးရွာဖြစ်တဲ့ ကန်နီရွာကို မကြာသေးခင်က စစ်ဆင်ရေးထွက်ခဲ့ပြီး ပြန်လာတဲ့ချိန်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာလို့ သိရပါတယ်။
နဂါးနီတပ်ခွဲရဲ့ ခေါင်းဆောင်ဖြစ်သလို မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာလည်း တပ်ခွဲမှူး ဖြစ်တဲ့ ဗိုလ်ယက္ခဟာ သေဆုံးချိန်မှာ အသက် ၂၇ နှစ်သာရှိသေးပြီး ဇနီးဖြစ်သူ ကျန်ခဲ့ပေမယ် သား၊ သမီး မရှိဘူးလို့ သိရပါတယ်။
ဒါ့အပြင် ဗိုလ်ယက္ခမှာ ညီအကိုခြောက်ဦးရှိပြီး အကိုဖြစ်သူနဲ့ ညီဖြစ်သူ နှစ်ဦးကတော့ လုပ်သက် ၁၂ နှစ်ကျော်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေဖြစ်ပေမယ့် အာဏာသိမ်းတာကို ဆန့်ကျင် CDM ပြုလုပ်လာကာ တော်လှန်ရေးအင်အားစုမှာ ပါဝင်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
သေဆုံးခဲ့သူ ဗိုလ်ယက္ခရဲ့အလောင်းကို သြဂုတ်လ ၃၁ ရက် က အခမ်းအနားနဲ့ သဂြိုလ်ပေးလိုက်ပြီး အမိန့်ပြန်ခဲ့တယ်လို့လည်း ဆိုပါတယ်။
Credit – photo