စက်တင်ဘာ ၂ရက်၊၂၀၂၃
မူဆယ်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီနဲ့ TNLA တို့ ရက်အနည်းအကြာ တိုက်ပွဲများဖြစ်ပွါးပြီးနောက် မူဆယ်မြို့နယ်က တိုက်ပွဲဖြစ်ပွါးရာ ဒေသခံတွေဟာ အိုးအိမ်တိုက်တာ ပျက်ဆီးဆုံးရှုံးမှုတွေအပြင် စစ်ဘေးမှလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်ကနေ ယမနေ့ စက်တင်ဘာလ ၁ ရက်နေ့အထိ စစ်ကောင်စီတို့ဘက်မှ မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာအုပ်စုနဲ့ စယ်လန့်ကျေးရွာအုပ်စုတို့ အနီးမှာရှိတဲ့ TNLAတပ်စခန်းဆီသို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း၊ အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်များ ပျက်ဆီးဆုံးရှူံးမှုဖြစ်စေခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားနေခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့က စယ်လန့်ကျေးရွာအုပ်စု လွိုင်တေးမိန်းဘုန်းကြီးကျောင်းကို လက်နက်ကြီးထိမှန်ခဲ့ပြီး ဒေသခံပြည်သူနေအိမ်၊ ကား၊ မော်တော်ဆိုင်ကယ်၊ လယ်ထွန်စက်နဲ့ ဒေသခံပြည်သူတစ်ဦးရဲ့ အိမ်ပေါ်သို့ လက်နက်ကြီးကျခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် မူဆယ်ဆေးရုံကြီးသို့ ပို့ဆောင်ထားရတယ်လို့ ဒေသခံတစ်ဦး ကပြောပါတယ်။
ဒါ့အပြင် လက်နက်ကြီး (RPG-7) ကြောင့် စဝ်ဆေခန်ဖ စာသင်ကျောင်းပျက်ဆီးခဲ့ပြီး ကောင်းဝိန်းကျေးရွာမှ ဘုန်းကြီးကျောင်းလည်း ပျက်ဆီးဆုံးရှုံးမှု အတော်များခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ပွဲဒဏ်တွေကြောင့် စယ်လန့်ကျေးရွာအုပ်စု၊ ပန်ဆက်ကျေးရွာမှ ဒေသခံ ၁၃၇ယောက်၊ နမ့်ကတ်ကျေးရွာမှ ၆ ယောက်၊ မိုက်ဆက်ကျေးရွာမှ ၁၃ ယောက်နဲ့ ရဟန်း/သာမဏေ ၁၉ ပါး၊ဝိန်းနမ်းတရုတ်ကျောင်းမှ ၁၉ ယောက်၊ စယ်လန့်ကျေးရွာဒေသခံ ၃၆၁ ယောက် ရဟန်း/သာမဏေ ၃၀ပါးနဲ့ ဒေသခံနှစ်ဦး၊ ကောင်းနားကျေးရွာမှ ကျောင်းဆောက်လုပ်သား ၁၄ ယောက်၊ ဆိုင်းခေါင်ကျေးရွာမှ ၂၃ ယောက် ဟိုပေါကျေးရွာမှ ၄ ယောက်၊ ဒေသပြည်သူ စုစုပေါင်း ၅၇၉ ယောက်နဲ့ ရဟန်း/သာမဏေ ၄၉ ပါးတို့ဟာ စစ်ဘေးမှ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ယခုလက်ရှိမှာတော့ စစ်ဘေးရှောင်ပြည်သူတွေဟာ ဟိုနားကျေးရွာ၊ နောင်လောင်းကျေးရွာ၊ ဟိုလောင်း ကျေးရွာ၊တုံးခွန်ကျေးရွာ၊နောင်ယန်းကျေးရွာ တွေရဲ့ ဘုန်းကြီးကျောင်းနဲ့ ဒေသခံ အချို့ရဲ့ နေအိမ်တွေမှာ လတ်တလော ရှောင်တိမ်းနေကြတယ်လို့ သိရပါတယ်။