တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လိုက်နာစရာ အကြောင်းမရှိတော့ဘူး လို့ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြောလိုက်ပါတယ်။
NCA ရဲ့ အခန်း (၁) အခြေခံမူကို စစ်တပ်က ဖျက်ဆီးလိုက်တဲ့အတွက် ဒီစာချုပ်ဟာ မရှိတော့ဘူးလို့ သူကပြောပါတယ်။
‘’ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း ၁ အခြေခံမူကို နင်းချေ ဖျက်ဆီး လိုက်တာက စစ်တပ်ဖြစ်ပါတယ်။ NCA ရဲ့ အခန်း ၁ က NCA တစ်ခုလုံးရဲ့ နှလုံးသားဖြစ်ပါတယ်။ အဲဒီနှလုံးသားကို ဖျက်ဆီး လိုက်ပြီး ဖြစ်တဲ့အတွက်ကြောင့် ဒီ NCA ဟာ မရှိတော့ဘူး။’’ လို့ KNU အထွေထွေအတွင်းရေးမှူး က ပြောပါတယ်။
စစ်ကောင်စီကတော့ သူ့ရဲ့ နိုင်ငံရေးဦးတည်ချက်မှာ “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး” လို့ ချမှတ်ထားတာ တွေ့ရပါတယ်။
NCA စာချုပ်ကို နိုင်ငံတကာအသိသက်သေတွေရှေ့မှာ လက်မှတ်ထိုးထားလို့ မျက်ကွယ်မပြုဖို့လိုပြီး စစ်တပ်အနေနဲ့ NCA အပေါ်မှာ အလေးထား ထိန်းသိမ်းဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ် ၈ ရက်နေ့က ပြောထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA စာချုပ်အတိုင်း လိုက်နာဖို့ ပြောဆိုနေပေမဲ့ KNU ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်မှာ တိုက်ပွဲပေါင်းရာချီ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
KNU ဟာ အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးတုန်းကရော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာပါ တက်တက်ကြွကြွပါဝင်ခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ PDF တွေကို ကူညီနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။